သီရိလင်္ကာတွင် ဧပြီ ၂၁ ရက်၌ ဗုံးခွဲတိုက်ခိုက်ခဲ့ကြသူများအနက် အများအပြားသည် ဝင်ငွေအလယ်အလတ်နှင့် အလယ်အလတ်၏ အထက်အဆင့် မိသားစုများမှ လာကြသော အဆင့်မြင့်ပညာတတ်များဖြစ်ကြကြောင်း သီရိလင်္ကာအငယ်တန်း ကာကွယ်ရေးဝန်ကြီး Ruwan Wijewardene က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးသူ ၃၅၀ ကျော် ရှိလာပြီဖြစ်သည့် ထိုတိုက်ခိုက်မှုများအား ကျူးလွန်သူများသည် မထင်ရှားသော အစွန်းရောက် မွတ်စလင်အဖွဲ့နှစ်ဖွဲ့မှ ခွဲထွက်အဖွဲ့ဝင်များဖြစ်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစောပိုင်းတွင်မူ ထိုဗုံးခွဲမှုများအတွက် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ကိုသာ တာဝန်ရှိသူများက အပြစ်တင်ထားသည်။
တိုက်ခိုက်သူများသည် အတော်အသင့် ပညာတတ်များဖြစ်ကြပြီး တစ်ဦးသည် ဥပဒေဘွဲ့ရဖြစ်ကာ ကျန်သူအချို့သည် ဗြိတိန်နှင့် သြစတြေးလျတို့တွင် ပညာသင်ခဲ့ဖွယ်ရှိကြောင်း Wijewardene က ပြောကြားခဲ့သည်။ ထောက်လှမ်းရေးဆိုင်ရာ သတိလစ်ဟင်းမှု တစ်သီတတန်း ကြုံခဲ့ရပြီးနောက် နိုင်ငံ၏ လုံခြုံရေးစနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲသွားရန် ခေါင်းဆောင်များက ကတိပြုခဲ့ပြီးနောက် ထိုသတင်း ထွက်လာခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာတွင် ဗုံးခွဲတိုက်ခိုက်မှုများသည် ပြီးခဲ့သောလ၌ နယူးဇီလန်တွင် ဗလီနှစ်ခု၌ လူ ၅၀ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများအား လက်တုံ့ပြန်မှုဖြစ်ကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားထားမှုကို Wijewardene က ပြန်ပြင်ပြောခဲ့သည်။ ဗလီများတိုက်ခိုက်မှုသည် ယခုတိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခဲ့ဖွယ်ရှိသော်လည်း ခိုင်လုံသော အထောက်အထား မရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထောက်လှမ်းရေးစနစ်တွင် ချို့ယွင်းချက်အချို့ ရှိခဲ့ကြောင်း ထင်ရှားနေသည်ဟု အမေရိကန်သံအမတ် Alaina Teplitz က ပြောကြားခဲ့သော်လည်း ထိုဗုံးခွဲတိုက်ခိုက်မှုများမတိုင်မီ အမေရိကန်သည် ခြိမ်းခြောက်မှုကို ကြိုတင်မသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်အာရှ ကျွန်းစုနိုင်ငံတွင် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ပြည်တွင်းစစ် ပြီးဆုံးခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သော ထိုအကြမ်းဖက ်တိုက်ခိုက်မှုများမတိုင်မီ နိုင်ငံရှိ လုံခြုံရေးအဖွဲ့အချို့သည် တိုက်ခိုက်မှု ဖြစ်နိုင်ခြေများကို သိရှိထားခဲ့ကြောင်း သီရိလင်္ကာ တာဝန်ရှိသူများက ဝန်ခံခဲ့သည်။
တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အစိုးရ၏ ထုတ်ပြန်ချက်များသည် ကွဲလွဲနေခဲ့ပြီး ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Rywan Gunasekara က အသေခံဗုံးခွဲသူ ကိုးဦးရှိကြောင်း ပြောကြားခဲ့ရာ အစောပိုင်းတစ်ရက်၌ တာဝန်ရှိသူများက ထုတ်ပြန်ထားမှုထက် နှစ်ဦးပိုများနေသည်။ ထပ်တိုး ဗုံးခွဲသူများအနက် တစ်ဦးသည် အခြားဗုံးခွဲသူတစ်ဦး၏ ဇနီးဖြစ်ကြောင်း၊ ထိုအမျိုးသမီးအား ဧပြီ ၂၁ ရက်နှောင်းပိုင်းတွင် ဖမ်းမိရန် နီးကပ်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် ထိုအမျိုးသမီးအပြင် ကလေးနှစ်ဦး၊ ရဲသုံးဦးတို့ သေဆုံးခဲ့ကြောင်း Gunasekara က ပြောကြားခဲ့သည်။ ကိုးဦးမြောက် ဗုံးခွဲသူအား မဖော်ထုတ်နိုင်သေးသော်လည်း မြို့တော်ကိုလံဘို အပြင်ဘက်၌ ပေါက်ကွဲမှုတစ်ခုတွင် သံသယရှိသူနှစ်ဦး သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုများနှင့်ဆက်နွှယ်၍ လတ်တလောအချိန်အထိ လူ ၆၀ ကို ဖမ်းဆီးထားကြောင်း Gunasekara က ပြောကြားခဲ့သည်။ အဓိက ဗုံးခွဲသူခုနစ်ဦးစလုံးသည် သီရိလင်္ကာနိုင်ငံသားများဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ခရစ်ယာန်ဘုရားကျောင်းများနှင့် အဆင့်မြင့်ဟိုတယ်များအား ဗုံးခွဲတိုက်ခိုက်မှုများတွင် တာဝန်ရှိကြောင်း IS ဂျီဟတ်အဖွဲ့က ထုတ်ပြန်ခဲ့့သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်