Top News

အမေရိကန်ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုတွင် ကာမလာဟဲရစ်နှင့် ဒေါ်နယ်ထရန့်တို့ အရေးကြီးသော ပြည်နယ်များတွင် အပြိုင်အဆိုင် မဲဆွယ်
24htopnews | November 5, 2024 7:12 PM CST

အမေရိကန်ရွေးကောက်ပွဲ စည်းရုံးရေးကာလသည် နောက်ဆုံးနာရီများကို ရောက်လာချိန်တွင် ကာမလာဟဲရစ်က ဂါဇာစစ်ပွဲ အားစိတ်တိုနေသော မဲဆန္ဒရှင်များကို စည်းရုံးခဲ့ကာ ဒေါ်နယ်ထရန့်ကမူ ပစ်ခတ်ခံရသော ဂျာနယ်လစ်များအကြောင်း မှတ်ချက်ပေးခြင်းနှင့်အတူ ကြမ်းကြမ်းတမ်းတမ်း လေလုံးထွား ပြောဆိုမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဒီမိုကရက်တစ် ဒုတိယသမ္မတ ကာမလာဟဲရစ်နှင့် ရီပတ်ဘလီကင်သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့သည် နိုဝင်ဘာ ၅ ရက်တွင် မဲရုံများဖွင့်ရန် ၃၆ နာရီပင်မလိုတော့ချိန်၌ အရေးပါသော ပြည်နယ်များကို အကြိတ် အနယ်မဲဆွယ်ခဲ့ကြသည်။

ထရန့်က အပြတ်အသတ်အနိုင်ရမည်ဟု ခန့်မှန်းပြောဆိုခဲ့ပြီး ကာမလာဟဲရစ်ကမူ  အနိုင်သေချာသော မီချီဂန်ဟု လူအုပ်ကြီးကို ပြောကြားခဲ့သည်။ မီချီဂန်သည် မိမိတို့၏ ဘက်တွင်ရှိသော ပြည်နယ်ဖြစ်သောကြောင့်  မိမိတို့အတွက် အရှိန်အဟုန်ရနေသော ပြည်နယ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၂၄ ရွေးကောက်ပွဲသည် နောက်ဆုံးအချိန်ကို ရောက်လာခဲ့ပြီး အခြားရွေးကောက်ပွဲများနှင့်နှိုင်းယှဉ်ပါက အရေးပါသော ပြည်နယ်များ၌ ယခုအချိန်အတွင် အမှတ်တူနေသည်ကို တွေ့ရသည်။ ပြည်သူ ၇၇ ဒသမ ၆ သန်းသည် ကြိုတင်မဲပေးထားကြပြီးဖြစ်ရာ ထိုအရေအတွက်သည် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပေးခဲ့သော မဲစုစုပေါင်း၏ တစ်ဝက်ဝန်းကျင်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့်အမျှ ဟဲရစ်သည် မီချီဂန်တွင် တစ်ရက်ကုန်ဆုံးခဲ့သည်။ မီချီဂန်ပြည်နယ်တွင် နေထိုင်သော အာရပ်-အမေရိကန် အသိုင်းအဝိုင်းက အစ္စရေး-ဟားမာ့စ်စစ်ပွဲကို အမေရိကန် ကိုင်တွယ်ပုံအား ရှုတ်ချထားသောကြောင့် ဟဲရစ်သည် မီချီဂန်ရှိ အာရပ်-အမေရိကန် ၂၀၀,၀၀၀ ၏ အရေးပါသော ထောက်ခံမှုကို ဆုံးရှုံးမည့် အန္တရာယ်ရှိနေသည်။

“သမ္မတတစ်ဦးအနေနဲ့ ကျွန်မဟာ ဂါဇာစစ်ပွဲပြီးဆုံးသွားစေဖို့ ကျွန်မအခွင့်အာဏာထဲကနေ အရာရာကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု မီချီဂန်ပြည်နယ် တက္ကသိုလ်တွင် ဟဲရစ်က ပြောကြားခဲ့သည်။

သို့ရာတွင် မိန့်ခွန်း၏ ကျန်သောအပိုင်းကို ဟဲရစ်က မြူးမြူးလေး ပြောသွားခဲ့ပြီး ထရန့်ကို တိုက်ခိုက်ခြင်းထက် ပြည်သူများ လာရောက်မဲပေးကြရန် တိုက်တွန်းရင်း အချိန်ကုန်လွန်ခဲ့သည်။

“ကျွန်မတို့ ဒါကိုဖြစ်မြောက်အောင် လုပ်ဖို့ အချိန်နှစ်ရက်ရနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ မီချီဂန်ပြည်နယ် ဒက်ထရိုက်၌ လူမည်းအများစုရှိသော အသင်းတော်တွင် စည်းရုံးရေးဆင်းရာ၌ ဟဲရစ်က သမ္မတကျမ်းစာထဲက အကြောင်းအရာများကို ကိုးကားပြောဆိုခဲ့ပြီး အမေရိကန်ပြည်သူများသည် ထရန့်ကို ကျော်လွန်၍ ကြည့်ရန်တိုက်တွန်း ပြောကြားခဲ့သည်။

“ကျွန်မတို့ စာရွက်ကို လှန်ကြရအောင်။ ကျွန်မတို့သမိုင်းရဲ့ နောက်လာမယ့် အခန်းကို ရေးကြရအောင်”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ ရက်တွင် ထရန့်သည် ပင်ဆဲလ်ဗေးနီးယား၊ မြောက်ကာရိုလိုင်းနား၊ ဂျော်ဂျီယာတို့ကို မြွေလိမ်မြွေကောက်သွားခဲ့သည်။ အဆိုပါပြည်နယ် သုံးခုသည် ကိုယ်စားလှယ်မဲဖြင့် သမ္မတနှင့်ဒုတိယသမ္မတို့ကို ရွေးချယ်ပေးရာ၌ အဆုံးအဖြတ်ပေးသော ပြည်နယ်များဖြစ်သည်။                        

Ref:AFP


READ NEXT
Cancel OK