Top News

မြောက်ကိုရီးယားစစ်သားများ ရှေ့တန်းစစ်မြေပြင်သို့မရောက်မီ အရေးယူဆောင်ရွက်ကြရန် ယူကရိန်းသမ္မတ ဇယ်လန်စကီးက မဟာမိတ်များကို တိုက်တွန်း
24htopnews | November 5, 2024 7:12 PM CST

မြောက်ကိုရီးယားစစ်သားများ ရှေ့တန်းစစ်မြေပြင်သို့ မရောက်မီ အရေးယူဆောင်ရွက်ကြရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက မဟာမိတ်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားစစ်သားများကို ရှေ့တန်းတွက် ဖြန့်ကြက်ချထားမည့်အရေးကို ထိုင်ကြည့်မနေကြရန် ဇယ်လန်စကီးက မဟာမိတ်နိုင်ငံများကို ပြောကြားခဲ့ပြီး ယူကရိန်း စစ်တပ်အကြီးအကဲကလည်း ယူကရိန်းစစ် သားများသည် နှစ်နှစ်ကျော် ကြာမြင့်လာသည့် စစ်ပွဲအတွင်း ရုရှား၏ အပြင်းထန်ဆုံးထိုးစစ်များထဲမှ တစ်ခုကို ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။

မြောက်ကိုရီးယားစစ်သားများ စစ်သင်တန်း လေ့ကျင့်နေသည့် စခန်းများကို ယူကရိန်းက လက်ဦးမှု ရယူတိုက်ခိုက်မည့် အလားအလာကို ဇယ်လန်စကီးက အလေးထားပြောဆိုခဲ့ပြီး မြောက်ကိုရီးယား စစ်သားများ၏ တည်နေရာကို ယူကရိန်းက သိထားသည်ဟု ဆိုသည်။

သို့သော် ရုရှား၏ နယ်ရှိုင်းသည့် နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို အနောက်နိုင်ငံလုပ် တာဝေးပစ် လက်နက်များအသုံးပြုပြီး တိုက်ခိုက်ခွင့်ကို မဟာမိတ်များက ခွင့်မပြုသဖြင့် ယူကရိန်းအနေဖြင့် ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်နိုင်ခြင်းမရှိကြောင်း ဇယ်လန်စကီးက ပြောသည်။

“အဲဒီအစား အမေရိကန်က စောင့်ကြည့်နေပါတယ်။ ဗြိတိန်ကလည်း စောင့်ကြည့်နေပြီး ဂျာမနီကလည်း စောင့်ကြည့်နေပါတယ်။ မြောက်ကိုရီးယားစစ်သားတွေက ယူကရိန်းကို စတင်တိုက်ခိုက်လာမယ့်အခြေအနေကို အားလုံးက စောင့်ကြည့်နေပါတယ်”ဟု ဇယ်လန်စကီးက နိုဝင်ဘာ ၁ ရက်တွင် Telegram လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

မြောက်ကိုရီးယားစစ်သား ၈၀၀၀ မှ ၁၀၀၀၀ အကြား ရုရှားတွင်ရှိနေပြီး ထိုစစ်သားများသည် ရုရှား၏နယ်စပ် ကာ့စ်ဒေသသို့ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအန်တိုနီဘလင်ကင်က အမေရိကန်ထောက်လှမ်းရေး သတင်းများကိုကိုးကားပြီး အောက်တိုဘာ ၃၁ ရက်က ပြောကြားခဲ့သည်။

“ဒီစစ်သားတွေကို ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်မြေပြင်ကို ဖြန့်ကြက်ချထားတာကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ အဲဒီလို ဖြန့်ကြက်ချထားလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်”ဟု ဘလင်ကင်က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးများနှင့် လေးပွင့်ဆိုင်ပြုလုပ်သည့် အစည်းအဝေးအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

ရုရှားသည် မြောက်ကိုရီးယား စစ်သားများကို လက်နက်ကြီးများနှင့် ဒရုန်းများကိုင်တွယ်အသုံးပြု တတ်စေရန်နှင့် ကတုတ်ကျင်းများကို ရှင်းလင်းရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရှေ့တန်းစစ်ဆင်ရေးများအတွက် မြောက်ကိုရီးယားစစ်သားများကို အသုံးချမည့် အရိပ် လက္ခဏာများကို တွေ့ရကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂ ရက်ကလည်း ရုရှားစစ်လက်နက်ပစ္စည်းများ တပ်ဆင်ထာသည့် မြောက်ကိုရီးယားစစ်သား ၇၀၀၀ ကျော်သည် ယူကရိန်းနယ်စပ်အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ထိုစစ်သားများသည် ရုရှား၏အရှေ့ဖျား ဒေသတွင် လေ့ကျင့်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။            

Ref:AP


READ NEXT
Cancel OK