Top News

မြဝတီဒေါနတောင်ကျော် လမ်းလေးသွယ်မှ နေ့ချင်းရောက်သွားလာနိုင်ပြီ ဖြစ်သော်လည်း အကောက်ဂိတ်ကြေးများပြားခြင်းကြောင့်ယာဉ်စီးခများပြားနေဆဲ
24htopnews | November 5, 2024 7:12 PM CST

မြဝတီမြို့မှ စျေးကွက်စီးပွားရေးမြို့တော် ရန်ကုန်၊မော်လမြိုင်နှင့် အခြားမြို့များသို့ ဒေါနတောင်ကျော် လမ်းလေးသွယ်မှနေ့ချင်းရောက်သွားလာနိုင်ပြီ ဖြစ်သော်လည်း  အကောက်ဂိတ်ကြေးများပြားခြင်းကြောင့် ယာဉ်စီးခများပြားနေဆဲဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ်မြို့မှ ကုန်တင်ယာဉ်ကားကြီးများနှင့် ခရီးသည်တင် ကားလေးအချို့မှာ မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းမှ သွားလာကြပြီး၊ ခရီးသည်ပို့ဆောင်ရေးဂိတ်မှ 4wheel Vego ကားများမှာ ဒေါနတောင်ကျော်  ၁၀၁၈ လမ်း၊ထို့ကော်ပိုးလမ်း၊ကြက်ဥတောင်လမ်းတို့မှသွားလာကြကြောင်း သိရသည်။

မြဝတီမှပြည်တွင်စျေးကွက်သို့ ပို့ဆောင်ပေးနေသောကုန်တင်ယာဉ်များသွားလာသည့်  ဒေါနတောင်ကျော်လမ်းဟောင်းတွင်  အကောက်ဂိတ် ၅၀ ကျော်ရှိပြီး ကားကြီးတစ်စီးလျှင် လမ်းဂိတ်ကြေးသိန်း ၅၀ ခန့် ကုန်ကျကြောင်းနှင့် Probox ကဲ့သို့သောယာဉ်ငယ်များမှာ လမ်းဂိတ်ကြေး ၅သိန်းခန့် ကုန်ကျေကြာင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

မြဝတီ-မော်လမြိုင် ယာဉ်ငယ်မောင်းသူတစ်ဦးက"ကုန်အပြည့်ဆိုရင် အသွားအပြန် ဂိတ်ကြေးဆယ်သိန်းကျော်ကုန်တယ်။ ဟိုဘက်ထို့ကော်ကိုးလမ်း၊ကြက်ဥတောင်လမ်းတို့က ကုန်ကျစရိတ်သက်သာပေမဲ့ လမ်းကြမ်းတဲ့အတွက် လမ်းဟောင်းကဘဲသွားဖြစ်တာပါ။ခုလတ်တလောမှာ  ကုန်ပစ္စည်းအဖမ်းအဆီးတွေရှိနေလို့ လမ်းမှာကားနည်းပြီးယာဉ်ကြော ပိတ်ဆို့မှုမဖြစ်ဘူး။ နေ့ချင်းရောက်ပါတယ်။ မိုးတွင်းကဆိုရင် အသွားအပြန်အနည်းဆုံးတစ်ပတ်ကြာတာနဲ့ယှဉ်ရင် ခုလိုပွင့်လင်းရာသီမှာ ခရီးသွားရတာ အဆင်ပြေတယ်လို့ ပြောရပါမယ်"ဟု ပြောသည်။

ခရီးသွားများ၏လုံခြုံမှုအတွက် လမ်းခရီးကြမ်းသော်လည်း ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းတို့ဘက်မှသာ ပို့ဆောင်ပေးလျှက်ရှိသည်ဟု မြဝတီ-ရန်ကုန် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ကျွန်တော်တို့ယာဉ်လိုင်းက ကားနေ့တိုင်းထွက်ပါတယ်။ခရီးသည်တွေကို ဒီက 4wheel Vego ကားနဲ့ ၁၀၁၈ လမ်း၊ ထို့ကော်ကိုးလမ်းတို့က  တောင်ကျော်ပြီးတော့ သာမညလောက်ရောက်မှ ဂိတ်ကကားတွေနဲ့ ရန်ကုန်ထိပို့ဆောင်ပေးပါတယ်။ လမ်းမှာဂိတ်ကြေးတွေကများတော့ ယာဉ်စီးခတွေလျော့ချလို့မရသေးပါဘူး"ဟု ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်။

မြဝတီ -ရန်ကုန် ယာဉ်စီးခမှာ မိုးတွင်းကာလက တစ်ဦးလျှင် ၁၈ဝဝဝဝကျပ်-၂၀၀၀၀၀ ကျပ် ထိ မြင့်တက်ခဲ့ပြီး ယခုယာဉ်စီးခ ကျပ် ၁၅၀၀၀၀ မှာ ယခင်ထက်လျော့ကျလာခြင်းဖြစ်သည်။

ယခင် အာရှလမ်းသစ်ဖွင့်လှစ်စဉ်က ယာဉ်စီးခမှာ မြဝတီ -မော်လမြိုင်၂၅၀၀၀, ၃ဝဝဝဝကျပ်။မြဝတီ-ရန်ကုန် ၂၅၀၀၀, ၃ဝဝဝဝကျပ် သာရှိခဲ့ခြင်းကြောင့်  ယခုအခါ ယခင်ပုံမှန်အတိုင်း ပြန်မဖြစ်နိုင်သေးသလို အာရှလမ်းသစ်လည်းပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK