Top News

တရုတ်တွင် ဗိုင်းရပ်စ်တိုက်ဖျက်မှု တိုးတက်မှုရှိခဲ့ပြီးနောက် ယာယီဆေးရုံအများစုကို ပိတ်လိုက်ပြီဖြစ်
24htopnews | November 5, 2024 5:12 PM CST

တရုတ်တွင် COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်မှုအား သီတင်းပတ်နှင့်ချီ ဆောင်ရွက်ခဲ့ရပြီးနောက် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်သွားနေချိန်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် ရည်ရွယ်သော ယာယီဆေးရုံအများစုအား မတ် ၉ ၌ ပိတ်ပစ်ခဲ့ပြီဖြစ်သည်။ စာသင်ကျောင်းအချို့အား ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ဒစ္စနေအပန်းဖြေစခန်းဝန်ထမ်းများက မတ် ၉ တွင် အလုပ်ခွင် ပြန်ဝင်ကြပြီဖြစ်သည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် မတ် ၉ ၌ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၄၀ သာရှိခဲ့ရာ ထိုကူးစက်မှုအား စတင်မှတ်တမ်းတင်ခဲ့သော ဇန်နဝါရီနောက်ပိုင်း အနိမ့်ဆုံးပမာဏဖြစ်ခဲ့သည်။ ကူးစက်မှုသစ် အားလုံးနီးပါးနှင့် ထပ်မံသေဆုံးသူ ၂၂ ဦးသည် သီတင်းပတ်များစွာ ပိတ်ဆို့ထိန်းချုပ်ထားသော ဟူပေပြည်နယ်မြို့တော် ဝူဟန်မှဖြစ်သည်။ နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်းသည် မတ် ၉ တွင် ၃၁၁၉ ဦးအထိ ရှိလာခဲ့သည်။

ဒီဇင်ဘာက တရုတ်အလယ်ပိုင်း ဝူဟန်တွင် စတင် ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းတွင် ၃၈၀၀ ကျော် သေဆုံးထားပြီး ၁၁၀၀၀၀ ကျော် ကူးစက်ခံထားရသည်။

လူ ၅၆ သန်းအား ပိတ်ဆို့ထားသော ဟူပေပြည်နယ်တွင် ခရီးသွားလာမှု ကန့်သတ်မှုအား မကြာမီ ရုပ်သိမ်းပေးဖွယ်ရှိသည်ဟု ထိပ်တန်းတာဝန်ရှိသူတစ်ဦးကလည်း ပြီးခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုအတွက် လူ ၁၉၀၀၀ နီးပါးသည် ကုသမှု ခံယူနေဆဲဖြစ်ပြီး ပြီးခဲ့သော ဖေဖော်ဝါရီ ၂၄ က ကူးစက်ခံရသူ ၅၈၀၀၀ အထိ မြင့်မားနေရာမှ ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။

ဝူဟန်တွင် အားကစားရုံများနှင့် စာသင်ကျောင်းများအား ယာယီဆေးရုံများအဖြစ် ပြောင်းလဲထားသည့် ဆေးရုံ ၁၆ ရုံအနက် ၁၄ ရုံကို မတ် ၉ တွင် ပိတ်ပစ်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ Hubei Airport Group ကလည်း ပြည်နယ်ထဲရှိ လေဆိပ်အားလုံးကို မတ် ၁၂ မတိုင်မီ လည်ပတ်ရန် ညွှန်ကြားခဲ့သည်။

ဒေသအချို့တွင် ယခုသီတင်းပတ်အတွင်း စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြသည်။ ဆွီဒင်ပရိဘောဂလုပ်ငန်းကြီး Ikea ကလည်း တရုတ်နိုင်ငံတစ်ဝန်းရှိ ၎င်း၏ဆိုင်ခွဲအားလုံးကို ပြီးခဲ့သောဇန်နဝါရီနှောင်းပိုင်းတွင် ပိတ်ပစ်ခဲ့ရပြီးနောက် ဆိုင် ၁၆ ဆိုင်အား နာရီအနည်းငယ်ကြာ ဖွင့်လှစ်မှုဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဟူပေပြင်ပမှ ကူးစက်မှုသစ်များသည် ပြည်ပမှ ပြန်လာသူများမှဖြစ်ရာ ယင်းကဲ့သို့ ကူးစက်မှုစုစုပေါင်းသည် ၆၇ မှုအထိ ရှိလာခဲ့သည်။ ယင်းကဲ့သို့ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ကူးစက်မှုလျှော့ချသည့် တိုးတက်မှုသည် မပြီးမြောက်ဘဲဖြစ်မည်ကို စိုးရိမ်မှုမြင့်တက်စေခဲ့သည်။

 

 


READ NEXT
Cancel OK