Top News

ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့က နစက ဥက္ကဋ္ဌ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ပဋိပက္ခကို အဖြေရှာရန် တိုက်တွန်းခဲ့ကြောင်း ကုလသမဂ္ဂ အစည်းအဝေး၌ ပြောကြား
24htopnews | November 5, 2024 5:12 PM CST

ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘစ်ရှော့က သူသည် နေပြည်တော်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက်ကပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် သက်ဆိုင်သည့်အဖွဲ့အစည်းများအနေဖြင့် တစ်ဖက်ကနိုင်ပြီး တစ်ဖက်ကရှုံးနိမ်သည့် အနိုင်-အရှုံးတွက်ချက်သည့် အယူအဆကို ထားခဲ့ပြီး ပဋိပက္ခကို အဖြေရှာရန်လည်း နစကဥက္ကဋ္ဌကို တိုက်တွန်းခဲ့သည်ဟု ဂျူလီဘစ်ရှော့က ပြောကြားသည်။



မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဧပြီလအတွင်းက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဘစ်ရှော့က ပြန်လည်ရင်ကြားစေ့ရေးအတွက် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်လိုအပ်ကြောင်း၊ ကုလသမဂ္ဂနှင့် အကူအညီပေးရေးအဖွဲ့များအတွက် ရှင်းလင်းတင်ပြန်ရန်တာဝန်နှင့် ဝင်ရောက်ခွင့်ပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။



မြန်မာနိုင်ငံတွင် တပ်မတော်နှင့် PDF၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် လူ ၃ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ "ကျွန်မနေပြည်တော်ကိုသွားပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။ကျွန်မ ထပ်သွားဦးမှာပါ" ဟု ဘစ်ရှော့က ပြောကြားခဲ့သည်။



သို့သော် ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသကဲ့သို့ မည်သည့်အချိန်တွင် တွေ့ဆုံခဲ့သည်ဆိုခြင်းကိုလည်း ရှင်းလင်းစွာမသိရပေ။ထို့ပြင်ဘစ်ရှော့က ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ၊ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားသူများနှင့်လည်းတွေ့ဆုံခဲ့ပြီး ၎င်း၏တွေ့ဆုံမှုတွင် မျက်နှာလိုက်မှုမရှိဘဲ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခဲ့ကြောင်း ပြောကြားခဲ့သည်။



"မတူကွဲပြားမှုတွေ၊ သဘောထားကွဲလွဲမှုတွေကို နားလည်ဖို့ ကျွန်မ ရည်မှန်းထားပါတယ်။ အဲဒါမှ ကျွန်မရဲ့ အခန်းကဏ္ဍကတစ်ဆင့် သဘောတူညီချက်အဆင်ပြေချောမွေ့စွာရရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ကျွန်မ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်နိုင်မှာပါ" ဟု ဘစ်ရှော့က ပြောကြားခဲ့သည်။ထို့ပြင် မြန်မာအရေးတွင် ပါဝင်သူများအနေဖြင့် လက်ရှိကျင့်သုံးနေသည့် အနိုင်-အရှုံးတွက်ချက်သည့် သဘောထားကို ကျော်ဖြတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေချိန်တွင် ပြည်သူများ၏ လိုအပ်ချက်များကို ဖြေရှင်းရာတွင် တိုးတက်မှုအနည်းငယ်သာရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။





 


READ NEXT
Cancel OK