Top News

စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည့်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၁၂ ရက် ထွက်ခွာမည်
24htopnews | November 5, 2024 5:12 PM CST

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည့်ပွဲအတွက် လာမည့် နိုဝင်ဘာ ၁၂ ရက်တွင်  ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းသည် လာမည့်နိုဝင်ဘာ ၁၄ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီ (မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ) တွင် စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ယင်းခြေစမ်းပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သောကြောင့် ရလဒ်မှာ ကမ္ဘာ့အဆင့်ရပ်တည်မှုအတွက် အရေးပါလာမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်း နှင့် နောက်ဆုံးတွေ့ဆုံထားခဲ့သည့် သုံးကြိမ်တွင်  တစ်ပွဲမှ အနိုင်မရရှိခဲ့ဘဲ သုံးကြိမ်စလုံး ရှုံးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် (၀-၃) ဂိုး၊ ၂၀၂၃ အာရှဖလားခြေစစ်ပွဲတွင် (၂-၆) ဂိုး၊ ၂၀၂၂  အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင်(၂-၃) ဂိုးတို့ဖြင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တွင် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရာ ပထမပွဲတွင်(၂-၀) ဂိုးဖြင့် အနိုင်ရပြီး ဒုတိယပွဲတွင် ဂိုးမရှိသရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်းသည် ပထမဆုံးကိုင်တွယ်ရသည့် ခြေစမ်းပွဲများကို အိမ်ကွင်းတွင် မိမိထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်နိမ့်သည့် အသင်းနှင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့သော်လည်း နှစ်ပွဲစလုံး နိုင်ပွဲမရယူနိုင်ခဲ့ဘဲ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲများအဖြစ် စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်းတို့နှင့် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၄ ရက်တွင် စင်ကာပူနိုင်ငံ၌ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားပြီးပါက ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကာ နိုဝင်ဘာ ၁၉ ရက်တွင် သုဝဏ္ဏကွင်း၌ လက်ဘနွန်လက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ် ဒီဇင်ဘာတွင် ယှဉ်ပြိုင်ရမည့် Asean Cup 2024 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူ၊ လက်ဘနွန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းပွဲများအပြီးတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲကြောင့် လေ့ကျင့်မှုရပ်နားမည်ဖြစ်ပြီး နိုဝင်ဘာနောက်ဆုံးပတ်မှ Asean Cup ပြိုင်ပွဲအတွက် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် Asean Cup ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။  


READ NEXT
Cancel OK