Top News

နည်းပြ တန်ဟက်ဂ် ထုတ်ပယ်ခံရခြင်းအတွက် မိမိတွင် တာဝန်ရှိသည်ဟု ဘရူနိုဖာနန်ဒက်စ် ဝန်ခံ
24htopnews | November 5, 2024 5:12 PM CST

မန်ယူအသင်းခေါင်းဆောင်ဖြစ်သူ ဘရူနိုဖာနန်ဒက်စ်က နည်းပြ တန်ဟက်ဂ် ထုတ်ပယ်ခံရခြင်းအတွက် မိမိတွင် တာဝန်ရှိကြောင်းနှင့် တောင်းပန်ခဲ့ကြောင်း ချယ်လ်ဆီးအသင်းနှင့်ပွဲအပြီးတွင် ပြောကြားသည်။

''မန်နေဂျာထွက်သွားတဲ့အခါ အသင်းမှာရှိသူအားလုံးအတွက် မကောင်းပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဘာသာအပြစ်တင်တာလည်း လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ အသင်းက ကောင်းကောင်းမလုပ်နိုင်တဲ့အခါ ကစားသမား ၁၅ ယောက်ထက် မန်နေဂျာတစ်ယောက်ကို ထုတ်ပယ်ပစ်ဖို့က ပိုပြီးလွယ်ကူပါတယ်။ ကျွန်တော် မန်နေဂျာနဲ့ စကားပြောပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေမသွင်းနိုင်ခဲ့လို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က ဂိုးတွေအများကြီးသွင်းတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က ၁၀၀ ရာခိုင်နှုန်း အမြဲတမ်းပေးဆပ်တယ်ဆိုတာကို သူသိပါတယ်'' ဟု ၎င်းက Sky Sports သတင်းဌာနသို့ ပြောကြားသည်။

မန်ယူအသင်းသည် တန်ဟက်ဂ်နေရာတွင် ပေါ်တူဂီလူငယ်နည်းပြဖြစ်သူ အာမိုရင်မ် (၃၉ နှစ်) ကို အစားထိုးခန့်အပ်ခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုထားသည်။

မန်ယူအသင်းအနေဖြင့် အာမိုရင်မ်အတွက် စပို့တင်းလစ္စဘွန်းအသင်းအား စာချုပ်လျော်ကြေး ယူရို ၁၀ သန်း ပေးချေခဲ့ရပြီး နိုဝင်ဘာ ၁၁ ရက်မှစ၍ တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK