Top News

တောင်အာဖရိကသိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တစ်မျိုးကို စောင့်ကြည့်လေ့လာ
24htopnews | November 5, 2024 4:12 PM CST

တောင်အာဖရိကနိုင်ငံရှိ သိပ္ပံပညာရှင်များက ပုံမှန်မဟုတ်သော သန္ဓေပြောင်းမှုမြင့်မားသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တစ်မျိုးကို စောင့်ကြည့်လေ့လာနေပြီး ယင်းမျိုးကွဲသစ်၏ကြိမ်နှုန်းသည် မကြာသေးမီလများအတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်ဟု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားဌာန (NICD) က သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

KwaZulu-Natal Research and Innovation and Sequencing Platform (KRISP) က C.1.2 ဟု ခေါ်ဆိုသည့် ယင်းမျိုးကွဲကို သုတေသနလေ့လာသုံးသပ်နေဆဲ အကြိုလေ့လာမှုအဆင့်တွင် လွန်ခဲ့သည့် သီတင်းပတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိ တောင်အာဖရိက၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အများစုမှာ အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့သော အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်သော်လည်း C.1.2 မျိုးကွဲသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့် အခြားမျိုးကွဲများထက် သန္ဓေပြောင်းမှု နှစ်ဆနီးပါး ပိုမိုမြန်ဆန်နေသောကြောင့် သိပ္ပံပညာရှင်များ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ယင်းဗိုင်းရပ်စ်မျိုးကွဲ၏ကြိမ်နှုန်းမှာ သိသိသာသာ နည်းပါးလျက်ရှိသော်လည်း လွန်ခဲ့သည့်လက ဗိုင်းရပ်စ်ပိုးမျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုတွင် ၀.၂ ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ မြင့်တက်လာသော်လည်း စတင်တွေ့ရှိခဲ့သည့် မေလကတည်းက မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှု၌ သုံးရာခိုင်နှုန်းအောက် နည်းပါးကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်။

C.1.2 ဗိုင်းရပ်စ်မျိုးကွဲသည် လက်ရှိအချိန်တွင် အလွန်နိမ့်သောအဆင့်တွင်သာ ရှိသော်လည်းယင်းမျိုးကွဲသစ် မည်ကဲ့သို့ ထွက်ပေါ်လာသည်ကို ကြိုတင်ခန့်မှန်းရန် စောလွန်းနေသည်ဟု NICD သိပ္ပံပညာရှင်များက သြဂုတ်၃၀ ရက်တွင် ပြောကြားခဲ့သည်။

“ အခုအဆင့်မှာတော့ ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ပဋိပစ္စည်းတွေအပေါ် ဘယ်လိုတုံ့ပြန်မှုရှိတယ်ဆိုတာကို အတည်ပြုနိုင်ဖို့ စမ်းသပ်လေ့လာမှုအချက်အလက်တွေ ကျွန်မတို့ဆီမှာ မရှိသေးပါဘူး” ဟု NICD သုတေသီ ပန်နီမောက ပြောကြားခဲ့သည်။

“ ဒါပေမဲ့ တောင်အာဖရိကမှာ ဖြန့်ချိထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ကျွန်မတို့ကို ပြင်းထန်ဖျားနာတဲ့အခြေအနေတွေနဲ့ သေဆုံးနိုင်တဲ့ အခြေအနေတွေကနေ ဆက်လက်ကာကွယ်ပေးနိုင်ပါတယ်လို့ ကျွန်မယုံကြည်ချက်ရှိရှိ ပြောနိုင်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

C.1.2 မျိုးကွဲသစ် ကူးစက်ခံရသူများကို တောင်အာဖရိက၏ ပြည်နယ်ကိုးခုလုံး၌ တွေ့ရှိခဲ့သည့်အပြင် တရုတ်၊ မော်ရေးရှက်စ်၊ နယူးဇီလန်နှင့် ဗြိတိန်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားတွင်လည်း ယင်းမျိုးကွဲသစ်ကူးစက်ခံရသူများကို တွေ့ရှိခဲ့သည်။

ယင်းမျိုးကွဲသစ်သည် ဘီတာမျိုးကွဲနှင့် အလွန်ကူးစက်မြန် ဒယ်တာမျိုးကွဲကဲ့သို့ စိုးရိမ်ရမျိုးကွဲ သို့မဟုတ် စိတ်ဝင်စားဖွယ်မျိုးကွဲအဖြစ် အဆင့်သတ်မှတ်ရန် လုံလောက်ခြင်း မရှိပေ။

တောင်အာဖရိကနိုင်ငံသည် ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆိုးဆုံးဖြစ်ပြီး လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း၂.၇ သန်းရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၈၁,၈၃၀ ဦးရှိသည်။

ဒီဇင်ဘာလနှင့် ဇန်နဝါရီလက ဖြစ်ပွားခဲ့သော ကူးစက်မှုဒုတိယလှိုင်းသည် ဘီတာဗိုင်းရပ်စ်မျိုးကွဲကြောင့်ဖြစ်ပြီး လက်ရှိအချိန်တွင်မူ ဒယ်တာမျိုးကွဲကြောင့် တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည်။


READ NEXT
Cancel OK