Top News

အမေရိကန်တွင် HIV ကူးစက်မှုနှုန်းသည် ၁၉၈၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှ ၂၀၁၉ ခုနှစ်အထိ ၇၃ ရာခိုင်နှုန်း လျော့ကျသွားကြောင်း လေ့လာတွေ့ရှိ
24htopnews | November 5, 2024 3:12 PM CST

အမေရိကန်နိုင်ငံတွင် HIV ကူးစက်မှုနှုန်းသည် ၁၉၈၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် HIV ကူးစက်မှုနှုန်းသည် ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇွန် ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

သို့သော် လူနည်းစုလူမည်းနှင့်လက်တင် အမေရိကနွယ်ဖွားများတွင် HIV ကူးစက်မှုအချိုးသည် မြင့်တက်နေသည်ဟု ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က ထုတ်ပြန်ခဲ့သည်။

CDC သည် ၁၉၈၁ ခုနှစ် ဇွန် ၅ ရက်က ထူးဆန်းသည့်ဗိုင်းရပ်စ်အသစ်တစ်မျိုး အကြောင်းထုတ်ပြန်ခဲ့ပြီးနောက် နှစ် ၄၀ နီးပါး အကြာတွင်ယခုကဲ့သို့ ပထမဆုံးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“HIV ကူးစက်မှုနှုန်း လျော့ကျလာခဲ့ခြင်းဟာ သိပ္ပံပညာရှင်တွေ၊လူနာတွေ၊လူနာတွေကို ထောက်ခံအားပေးတဲ့အဖွဲ့အစည်းတွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာပူးပေါင်း လုပ်ဆောင်လာတဲ့အတွက်ဖြစ်ပါတယ်” ဟု CDC ညွှန်ကြားရေးမှူး ရော့ရှဲလ်ဝေါလန်စကီးက ထုတ်ပြန်ခဲ့သည်။

ဝေါလန်စကီးက HIV ပိုးကူးစက်မှု အမြင့်ဆုံးအချိန်၌ ၎င်းသည် ဘော်တီမောမြို့တွင် ငယ်ရွယ်သော ဆရာဝန်တစ်ဦးဖြစ်သည်ဟု ထိုအချိန်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့သည်။

“ကျွန်မရဲ့လူနာတွေကို ကျွန်မပေးနိုင်တာတစ်ခုကတော့ ကျွန်မရဲ့ လက်တစ်စုံကို ကမ်းလှမ်းပေးဖို့နဲ့ သူတို့ရဲ့ ကုတင်ဘေးမှာရှိနေပြီး အားပေးဖို့ပဲ တတ်နိုင်ခဲ့ပါတယ်” ဟု ပထမဆုံးထိရောက်မှု အားကောင်းသည့် ကုသနည်းများအတည်ပြုခဲ့သည့် ၁၉၉၀ ပြည့်နှစ် လယ်ပိုင်းမတိုင်မီ ကြုံတွေ့ခဲ့ရပုံများကို ၎င်းကပြောကြားခဲ့သည်။

အမေရိကန်တွင် ခုခံအားကျဆင်းစေသည့် ဗိုင်းရပ်စ်နှင့်ယှဉ်တွဲနေထိုင်သူ ပျမ်းမျှ ၁.၂ သန်းရှိပြီး ယင်းတို့ထဲမှ ၁၃ ရာခိုင်နှုန်းသည် ၎င်းတို့တွင် HIV ဗိုင်းရပ်စ်ရှိနေခြင်းကို သတိထားမိခြင်းမရှိကြပေ။

စစ်တမ်းအသစ်အရ နှစ်စဉ် HIV ကူးစက်ခံရသူဦးရေသည် ၁၉၈၁ ခုနှစ်တွင် နှစ်သောင်းရှိခဲ့ရာမှ ၁၉၈၄ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်တွင် ကူးစက်ခံရသူ ၁၃၀,၄၀၀ အထိမြင့်တက်လာခဲ့သည်။

၁၉၉၁ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်ကြား၌ နှစ်စဉ်ကူးစက်ခံရသူဦးရေသည် ပျမ်းမျှ ၅၀,၀၀၀ မှ ၅၈,၀၀၀ အထိ တည်ငြိမ်နေခဲ့ပြီးမကြာသေးမီ နှစ်များအတွင်းတွင် ကူးစက်ခံရသူလျော့ကျခဲ့ကာ၂၀၁၉ ခုနှစ်တွင်ကူးစက်ခံရသူ ၃၄,၈၀၀ အထိ ကျဆင်းခဲ့သည်။

သို့သော် ၁၉၈၁ ခုနှစ်၌ လူမည်းများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း၂၉ ရာခိုင်နှုန်းမှ ၂၀၁၉ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး လက်တင်အမေရိကနွယ်ဖွားများတွင် ယင်းကာလတူအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၆ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။

အဓိကကူးစက်မှုသည် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံမှုကြောင့် ဆက်လက်ဖြစ်ပွားနေပြီး ၁၉၈၁ ခုနှစ်တွင် ကူးစက်မှုနှုန်း ၆၃ ရာခိုင်နှုန်းမှ ၂၀၁၉ ခုနှစ်တွင် ၆၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။


READ NEXT
Cancel OK