COVID-19 ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အယ်လ်ဖာ၊ ဘီတာနှင့် ဂမ်မာကို တစ်ပတ်အတွင်း နယ်မြေဒေသပေါင်း ၂၇ ခုတွင် ထပ်တိုးတွေ့ရှိထားကြောင်း ဇွန် ၁ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံများတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်များသည် ကမ္ဘာ့နိုင်ငံအများအပြားသို့ ဆက်လက်ပျံ့နှံ့လျက်ရှိကြောင်း ၊ ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် လက်ရှိတွင်နိုင်ငံနှင့် ဒေသ ၁၆၀ ခုသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ၁၁ နိုင်ငံသို့ ထပ်မံကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် လက်ရှိအချိန်တွင်နိုင်ငံနှင့် ဒေသ ၁၁၃ ခုသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး လွန်ခဲ့သောရက်သတ္တပတ်အတွင်း နိုင်ငံ ၁၁ နိုင်ငံသို့ ထပ်မံကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊ ဘရာဇီးနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ထပ်မံကူးစက်သည့်နိုင်ငံ ငါးနိုင်ငံရှိကြောင်း သိရသည်။
ဗြိတိန် ၊ တောင်အာဖရိက ၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့သည့်မျိုးကွဲများ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကို ဂရိအက္ခရာများဖြင့် ပြောင်းလဲခေါ်ဝေါ်မည်ဟု WHO က မေ ၃၁ ရက်က ကြေညာခဲ့သည်။
ကမ္ဘာ့စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအဖြစ် WHO က သတ်မှတ်ကြေညာထားသည့် ဗိုင်းရပ်စ်လေးမျိုးထဲမှ ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ B.1.1.7 ကို အယ်လ်ဖာ၊ တောင်အာဖရိက ဗိုင်းရပ်စ်မျိုးကွဲ B.1.351 ကို ဘီတာ၊ ဘရာဇီးဗိုင်းရပ်စ်မျိုးကွဲ P.1 ကို ဂမ်မာ၊ နှစ်မျိုးနှစ်စားရှိသည့် အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1.617 ထဲမှ စိုးရိမ်ဖွယ် ဗိုင်းရပ်စ်ဖြစ်သည့် B.1.617.2 ကို ဒယ်လ်တာနှင့် နောက်တစ်မျိုး B.1.617.1 ကို ကက်ပါဟု အမည်ပေးခဲ့သည်။
ပြောဆိုဆွေးနွေးမှုများကို လွယ်ကူစေရန်နှင့် ဗိုင်းရပ်စ်နာမည်ကို နိုင်ငံ၊ နေရာတပ်ခေါ်ခံရသည့် နိုင်ငံများအနေဖြင့် အရှက်ရခွဲခြားဆက်ဆံခံရမှုများ မဖြစ်စေရန် နာမည်ပြောင်းလိုက်ခြင်းဖြစ်သည်ဟု WHO က ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာက အိန္ဒိယတွင်စတွေ့ခဲ့သည့် ဗိုင်းရပ်စ်မျိုးကွဲကို “အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ” ဟု ခေါ်ဝေါ်မှုအပေါ် အိန္ဒိယအစိုးရက ရှုတ်ချခဲ့သည်။ ယင်းသို့ခေါ်ဝေါ်ရန် WHO က တရားဝင်သတ်မှတ်ထားခြင်းလည်း မဟုတ်ပေ။
ဂရိအက္ခရာများဖြင့် နာမည်ပြောင်းလိုက်သည့် ဗိုင်းရပ်စ်မျိုးကွဲအမည် အပြည့်အစုံကို WHO ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
သို့သော် ယခင်ရှိနှင့်ပြီးသား သိပ္ပံအမည်များကလည်း ဆက်ရှိနေမည်ဟု သိရသည်။
ဂရိအက္ခရာ ၂၄ ခုရှိသည့်အတွက် ဗိုင်းရပ်စ်မျိုးကွဲ ၂၄ ခုထက်ကျော်ကာ တွေ့ခဲ့မည်ဆိုလျှင် နာမည်သစ်ပြောင်းမည့်အစီအစဉ်ကို ထပ်ကြေညာမည်ဖြစ်သည်ဟု AFP သတင်းဌာနတွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် စိုးရိမ်ဖွယ်အဆင့် မဟုတ်သေးသည့် စိတ်ဝင်စားဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများကိုလည်း အက်ပ်စီလွန်၊ ဇီတာ၊ အိတာ၊ သိတာနှင့် ယာ့တာဆိုသည့်အမည်များ ပြောင်းလဲထားသည်။
သိပ္ပံအမည်များသည် ခေါ်ဆိုရန်နှင့် မှတ်မိရန် ခက်ခဲသည့်အတွက် လူအများက ဗိုင်းရပ်စ်မျိုးကွဲများကို ဗိုင်းရပ်စ်စတွေ့သည့်နေရာဖြင့် အလွယ်တကူ နာမည်တပ်ခေါ်ဝေါ်လာကြခြင်းဖြစ်သည်။
ထို့ကြောင့် ထိုသို့မဖြစ်ရန် ခေါ်ဝေါ်ရလွယ်ကူစေရန် နိုင်ငံတကာအာဏာပိုင်များ၊ သတင်းမီဒီယာများက ယခုပေးထားသည့် အမည်သစ်များကိုသုံးစွဲရန် WHO က တိုက်တွန်းခဲ့သည်။
မေလအစောပိုင်း၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာရှနွယ်ဖွား အမေရိကန်များကို အကာအကွယ်ပေးရန် ရည်ရွယ်၍ မုန်းတီးမှုကိုအခြေခံသည့် ရာဇဝတ်မှုများဆိုင်ရာ ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
အကြောင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စဖြစ်လာချိန်မှစပြီး အာရှနွယ်ဖွား အမေရိကန်များအပေါ် ခွဲခြားဆက်ဆံမှုများ၊ တိုက်ခိုက်မှုများနှင့် မုန်းတီးမှုအပေါ်အခြေခံသည့် ရာဇဝတ်မှုကျူးလွန်ခြင်းများ မြင့်တက်လာသောကြောင့် ဖြစ်သည်ဟုသိရသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း