အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် အလွန်မြင့်မားစွာ ကူးစက်နိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရပြီးသူများ သို့မဟုတ် ဗိုင်းရပ်စ်ကာကွယ်ဆေး တစ်စိတ်တစ်ပိုင်း ထိုးနှံပြီးသူများကိုပါ ကူးစက်နိုင်ခြေရှိသည်ဟု အိန္ဒိယအစိုးရသိပ္ပံပညာရှင်အဖွဲ့က ဇွန် ၄ ရက်၌ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒယ်တာ ဗိုင်းရပ်စ်မျိုးကွဲဟုသတ်မှတ်ထားသော ယင်းဗိုင်းရပ်စ်မျိုးကွဲသည် ဗြိတိန်တွင် ပထမဆုံးတွေ့ရှိသော ဗိုင်းရပ်စ်မျိုးကွဲထက် ၅၀ ရာခိုင်နှုန်းပိုမိုကူးစက်မြန်ကြောင်း ခန့်မှန်းထားကြသည်ဟု အိန္ဒိယ SARS-CoV-2 မျိုးဗီဇများအဖွဲ့အစည်းနှင့် အမျိုးသားရောဂါ ထိန်းချုပ်ရေးစင်တာမှ သုတေသီများက ပြောကြားခဲ့သည်။
ဒေလီတွင် မြင်တွေ့နေသည့်အတိုင်း ယခင်ဗိုင်းရပ်စ်ကူးစက်ခံရမှုများနှင့် ဗိုင်းရပ်စ်ကာကွယ်ဆေး တစ်စိတ်တစ်ပိုင်းထိုးနှံပြီးသည့် အခြေအနေများသည် ယင်းဗိုင်းရပ်စ်မျိုးကွဲမကူးစက်စေရန် လုံလောက်စွာဟန့်တားနိုင်ခြင်းမရှိကြောင်း ၎င်းတို့ကသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲကို ထိန်းချုပ်နိုင်ရန် ကမ္ဘာတစ်ဝန်း အားကောင်းသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု အားကောင်းရန်လိုအပ်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များကဆက်လက် ပြောကြားခဲ့သည်။
ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်သည် ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်ကို ပျံ့နှံ့နေပြီး ယင်းလျင်မြန်စွာ ကူးစက်ပျံ့နှံ့နေမှုသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုကို သက်ရောက်မှုရှိစေနိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က အိန္ဒိယရှိမြို့ကြီးများတွင် နေ့အလိုက်ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ သိသိသာသာ လျော့ကျသွားခဲ့သော်လည်း ကျေးလက်ဒေသများတွင်မူ ဆိုးရွားသော ကူးစက်မှုဒုတိယလှိုင်းနှင့် ဆက်လက်ရုန်းကန်နေရသည်။
အိန္ဒိယအနေဖြင့် နောက်ထပ်ဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နိုင်သည့် အခြေအနေများကို ရှောင်လွှဲနိုင်ရန်အတွက် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံသည့်အစီအစဉ်ကို အရှိန်မြှင့်တင်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု နှေးကွေးနေသည့်အပေါ် ဝေဖန်မှုများဖြင့် ရင်ဆိုင်နေရချိန်တွင် ဒေသတွင်းကာကွယ်ဆေး ထုတ်လုပ်သူများသည် ကာကွယ်ဆေးအလုံးရေအများအပြား ထုတ်လုပ်နိုင်ရန်အရှိန်မြှင့်တင် လုပ်ဆောင်နေသည့်တိုင်ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏အစိုးရသည် ကာကွယ်ဆေးအများအပြား တိုးမြှင့်ရရှိနိုင်ရန်အတွက် အဓိကပြည်ပကာကွယ်ဆေး ထုတ်လုပ်သူများနှင့်ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေသည်။
ဇွန် ၃ ရက်၌ အမေရိကန်သည် ပိုလျှံနေသော ကာကွယ်ဆေးအလုံးရေ ၂၅ သန်းကို အိန္ဒိယအပါအဝင် နိုင်ငံအများအပြားကို မျှဝေသွားရန်စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ဒေလီနှင့် မိုဒီ၏မွေးရပ်ဇာတိဖြစ်သည့် ဂူဂျာရတ်ပြည်နယ်ကဲ့သို့ ပြည်နယ်အချို့တွင် ကန့်သတ်ချက်များကိုတဖြည်းဖြည်း ဖြေလျှော့ပေးနေသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း