Top News

မလေးရှားနှင့် ထိုင်ဝမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တရုတ်စစ်လေယာဉ်များပျံသန်းမှု များပြားလာနေခြင်းကို အမေရိကန်ရှုတ်ချ
24htopnews | November 5, 2024 3:12 PM CST

မလေးရှားနှင့်ထိုင်ဝမ်ကမ်းလွန် ပင်လယ်ပြင်တို့တွင် တရုတ်စစ်လေယာဉ်ပျံသန်းမှုများ ပိုမိုမြင့်တက်လာပြီး ယင်းလုပ်ဆောင်မှုသည် ဒေသတွင်းမတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်လေတပ်၏ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဗိုလ်မှူး ကန်းနက်ဝီလ်စဘာ့ချ်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။

ပိုင်နက်အငြင်းပွား ဘော်နီယိုကမ်းလွန်ပင်လယ်ပြင်၏ ဝေဟင်ထက်တွင် ယခုသီတင်းပတ်အတွင်း တရုတ်စစ်လေယာဉ် ၁၆ စင်း ပျံသန်းခဲ့ပြီး ထိုစစ်လေယာဉ်များကို နှင်ထုတ်ရန် မလေးရှားလေတပ်က ၎င်း၏တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရသည်။

ထိုကဲ့သို့ တရုတ်စစ်လေယာဉ်များ ပျံသန်းမှုနှင့် ထိုင်ဝမ်၏ဝေဟင် ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်၏ ကျူးကျော်ဝင်ရောက်မှုအကြိမ်ရေ များပြားလာမှုတို့သည် ဒေသတွင်းမတည်မငြိမ်ဖြစ်စေရန် တရုတ်၏ကြိုးပမ်းမှုများဖြစ်ကြောင်း ဝီလ်စဘာ့ချ်ကဆိုသည်။

ထိုင်ဝမ်သည် ၎င်း၏နယ်မြေတစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ကြေညာထားသော တရုတ်အစိုးရအဖွဲ့က နိုင်ငံ၏တိုက်လေယာဉ်များသည် ဘော်နီယိုကမ်းလွန်ပင်လယ်ပြင် တောင်တရုတ်ပင်လယ်ဝေဟင်ထက်တွင် ပုံမှန်ပြုလုပ်နေကျဖြစ်သော လေ့ကျင့်ပျံသန်းမှုကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မလေးရှား၏ ဝေဟင်ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်နယ်နိမိတ် အားလုံးနီးပါးကို သမိုင်းကြောင်းအရ ပိုင်ဆိုင်သည်ဟူသော တရုတ်၏ ကြေညာချက်သည် အခြေခံအကြောင်းအရင်းမရှိသော ကြေညာချက်သာဖြစ်ကြောင်း ၂၀၁၆ ခုနှစ်တွင် ချမှတ်သော အပြည်ပြည်ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို တရုတ်က လျစ်လျူရှုခဲ့သည်။

ယခင်ကထက် ပိုမိုအင်အားကြီးလာသော တရုတ်စစ်တပ်သည် ထိုင်ဝမ်ကို အင်အားသုံး၍ သိမ်းယူရန် ကြိုးပမ်းနိုင်ဖွယ်ရှိမှုနှင့် ပတ်သက်၍ အနောက်နိုင်ငံများတွင် စိုးရိမ်ပူပန်မှုများ ကြီးထွားနေသည်။

မကြာသေးမီလများအတွင်း ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်စစ်လေယာဉ်များ ဖြတ်သန်းပျံသန်းမှု သိသိသာသာမြင့်တက်လာခဲ့ကာ ယင်းလုပ်ဆောင်ချက်များက ထိုင်ဝမ်လေတပ်၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို ခြေကုန်လက်ပန်းကျစေခဲ့သည်။

“တရုတ်ရဲ့ အဲ့ဒီ့မဟာဗျူဟာက ထိုင်ဝမ်လေတပ်ကို ဆုံးရှုံးနစ်နာသွားအောင် လှုံ့ဆော်နေတယ်လို့ ကျွန်တော်ယူဆပါတယ်” ဟု ဝီလ်စဘာ့ချ်က ဆိုသည်။

တရုတ်၏ စစ်ရေးစွမ်းဆောင်ရည်များ သိသိသာသာမြင့်တက်လာခြင်းကို ရင်ဆိုင်နေရခြင်းနှင့်အတူ အမေရိကန်လေတပ်သည် တရုတ်စစ်တပ်က ပစ်မှတ်ထားရာတွင် ပိုမိုခက်ခဲစေရန်အတွက် ထိုင်ဝမ်ရေလက်ကြားဝန်းကျင်နှင့် ကြီးမားသောစစ်စခန်း အဝေးတွင်ရှိသည့်ဒေသများကို လှည့်လည်စောင့်ကြပ်ပေးရန် ကြိုးပမ်းနေကြောင်း ဝီလ်စဘာ့ချ်က ပြောကြားခဲ့သည်။

“စောင့်ကြည့်လှုပ်ရှားတဲ့ နေရာအဖြစ် အသုံးပြုလို့ရ၊ မရ ကျွန်တော်တို့ ဆန်းစစ်တယ်။ လေယာဉ်ရပ်နားလို့ရတဲ့ နေရာမှန်သမျှရဲ့ အချက်အလက်အစုံအလင် ကျွန်တော်တို့မှာ ရှိတယ်။ အချက်အလက်အားလုံးက ကျွန်တော်တို့ရဲ့လိုအပ်ချက်နဲ့ မကိုက်ညီပေမဲ့ တော်တော်များများက ကိုက်ညီတယ်” ဟု ဝီလ်စဘာ့ချ်က ဆိုသည်။


READ NEXT
Cancel OK