Top News

ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်သူနှင့် အထောက်အထားမဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား၂၄၄ ဦးအား မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်း
24htopnews | November 5, 2024 2:12 AM CST

COVID-19 ကာလအတွင်း အလုပ်အကိုင်ရှားပါးပြီး ငွေကြေး အကျပ်အတည်းကြောင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်သူနှင့် အထောက်အထားမဲ့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၂၄၄ ဦးကို ဇန်နဝါရီ ၃၁ ရက်တွင် ထိုင်းတာဝန်ရှိသူများက မြန်မာနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေရပ်ပြန်လာသူများတွင် လတ်တလော ထိုင်းဘက်သို့ ခိုးဝင်လာခြင်း‌ကြောင့် ဖမ်းဆီးခံရသူများနှင့် ကိုဗစ်ကြောင့် အလုပ်ရပ်နား‌နေရသူ၊ အထောက်အထားမဲ့သူများ ပါဝင်ကြောင်း မြန်မာအလုပ်သမား သံအရာရှိ မဲဆောက်တာဝန်ခံ ဦးဝင်းသူက ပြောကြားသည်။

“အခက်အခဲကတော့ မျိုးစုံပါပဲ။ အလုပ်ရှင်ကလည်း ကိုဗစ်အကျပ်အတည်းနဲ့မို့လို့ အလုပ်သမားတွေကို မလိုချင်ကြတော့ဘူး။ အလုပ်ကမရှိ နေရပ်ပြန်ဖို့အတွက် ထွက်စာတင်ပြီးတော့ ပြန်လို့လည်းမရ။ အလုပ်ကမရှိတော့ နေရေးစား‌ရေး အခက်အခဲဖြစ်တာလို့ သိရပါတယ်။ ဘန်ကောက်ဘက်က များပါတယ်”ဟု အလုပ်သမားသံအရာရှိ ဦးဝင်းသူက ပြော ကြားသည်။

ထိုင်းနိုင်ငံ တာ့ခရိုင်အား ဖြတ်သန်းသွားလာခွင့် ပိတ်ထားသော်လည်း ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီ ၃၁ မိနစ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၉၉ ဦး၊ စုစုပေါင်း ၂၄၄ ဦး ပြန်လည် ဝင်ရောက်လာခဲ့သည်။

နေရပ်ပြန် မြန်မာအလုပ်သမားများအနက် မောင်ဝင်းနိုင် (၃၅ နှစ်) ကော့ပတိုင်ကျေးရွာ မုဒုံမြို့နယ် မွန်ပြည်နယ်နေသူသည် ထိုင်းနိုင်ငံမှ မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတား BCF ဇုန်သို့ ဝင်ရောက်စဉ် ကျန်းမာရေးမကောင်းဘဲ အသက်ရှုမဝသဖြင့် ချစ်ကြည်ရေးတံတားမှ တာဝန်ရှိကျန်းမာရေးဌာနမှ ဒေါက်တာ မျိုးသန့်ဇင်နှင့်အဖွဲ့က COVID-19 ရောဂါပိုးရှိ မရှိ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း သိရသည်။

၎င်းအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ဆေးဝါးကုသမှု ခံယူရန်အတွက် မြဝတီခရိုင်ဆေးရုံကြီးမှ လူနာတင်ယာဉ်ပေါ်သို့  တင်ဆောင်စဉ် ယာဉ်ပေါ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူအား ချစ်ကြည်ရေးတံတား BCF ဇုန်မှ မြဝတီခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံကြီးမှ စစ်ဆေးသွားမည် ဖြစ်‌ကြောင်း သိရသည်။


READ NEXT
Cancel OK