Top News

တောမီးလောင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ဒေါ်လာ ၅.၂ ဘီလျံ ဆုံးရှုံးခဲ့ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်
24htopnews | November 5, 2024 2:12 AM CST

နိုင်ငံတစ်ဝန်း ဆိုးရွားသည့် တောမီးလောင်မှုများကြောင့် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ အင်ဒိုနီးရှားသည် ဒေါ်လာ ၅.၂ ဘီလျံ ဆုံးရှုံးခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှုတွင် လေထုအရည်အသွေး ထိုးကျမှု ဖြစ်စေသည့် အဆိပ်ရှိသော မီးခိုးမြူကြောင့် ကျန်းမာရေးကို သက်ရောက်မှုများ မပါဝင်ပေ။

တောမီးလောင်မှုများသည် နှစ်စဉ် ဖြစ်ပေါ်နေသည့် ပြဿနာ ဖြစ်သော်လည်း ယခုနှစ်သည်  ခြောက်သွေ့သော ရာသီဥတုကြောင့် ၂၀၁၅ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး တောမီးလောင်မှုဖြစ်ခဲ့ပြီး မြေဧက ၂.၃ သန်း ဆုံးရှုံးခဲ့သည်။ တောမီးလောင်မှုများသည် ဆူမတ်တြားနှင့် ဘော်နီယိုကျွန်းများတွင် အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည်။

ဆီအုန်းနှင့် ပျော့ဖတ်စိုက်ခင်းများ ပါဝင်သည့် စိုက်ပျိုးရေးမြေများကို ရှင်းလင်းရာမှ ဖြစ်ပေါ်သည့် တောမီးလောင်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အာဏာပိုင်များက သောင်းနှင့်ချီသည့် မီးသတ်သမားများနှင့် မီးငြှိမ်းသတ်သည့် လေယာဉ်ကို စေလွှတ်ပေးခဲ့သည်။

တောမီးလောင်မှုကြောင့် စီးပွားရေး ဆုံးရှုံးနစ်နာမှုသည် ဒေါ်လာ ၅.၂ ဘီလျံရှိကြောင်း၊ ယင်းသည် ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဂျီဒီပီ၏ ၀.၅ ရာခိုင်နှုန်းခန့်နှင့် ညီမျှကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဆုံးရှုံးမှုတွင် တိုက်ရိုက်ပျက်စီးမှု ဒေါ်လာ ၁၅၇ သန်းနှင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေး၊ ခရီးသွား၊ သယ်ယူပို့ဆောင်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများမှ ဆုံးရှုံးမှု ဒေါ်လာ ၅ ဘီလျံ ပါဝင်ကြောင်း ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

ထိန်းမရသည့် တောမီးလောင်မှုများကြောင့် အင်ဒိုနီးရှားရှိ ဒါဇင်များစွာသော လေဆိပ်များနှင့် ရာနှင့်ချီသော စာသင်ကျောင်းများအပြင် အိမ်နီးချင်း မလေးရှားနှင့် စင်ကာပူရှိ လေဆိပ်နှင့် စာသင်ကျောင်းများကိုပါ ယာယီပိတ်ထား ခဲ့ရကြောင်း၊ မီးခိုးမြူများကြောင့် လူ ၉၀၀,၀၀၀ ကျော် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

“တောမီးလောင်မှုကြောင့် အဖိုးတန်တဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပြီး လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ထွက်ခဲ့တာကြောင့် စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေရဲ့ ဆုံးရှုံးမှုက ထက်ဝက်ကျော်ခဲ့တယ်” ဟုကမ္ဘာ့ဘဏ်၏ အင်ဒိုနီးရှား လေးလပတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တောမီးအများစုသည် စိမ့်မြေ၊ ကာဗွန် ပေါများသည့် သစ်ဆွေးမြေများတွင် လောင်ကျွမ်းခဲ့သည်။ အင်ဒိုနီးရှား၏ ၂၀၁၉ ခုနှစ် တောမီးလောင်မှုများသည်  ယခုနှစ် ဘရာဇီး အမေဇုန်တွင် တောမီးလောင်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုထက် နှစ်ဆကျော် ထွက်ရှိခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ကုန်ကျစရိတ် ခန့်မှန်းမှုများတွင် မီးခိုးမြူ အကြိမ်ကြိမ် ထွက်ရှိမှုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ နာမကျန်းမှု (သို့မဟုတ်) ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကို နေအိမ်တွင်သာ နေထိုင်ရန် အကြုံပြုခဲ့မှုများကြောင့် စာသင်ချိန် ဆုံးရှုံးမှုကဲ့သို့သော ရေရှည်အကျိုးသက်ရောက်မှုများ  မပါဝင်ခဲ့ပေ။

အင်ဒိုနီးရှား၏ တောမီးလောင်မှုများသည် ကလေး ၁၀ ခန့်အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟု ကုလသမဂ္ဂ သတိပေးခဲ့သည်။

 


READ NEXT
Cancel OK