Top News

မလေးရှားဝန်ကြီးချုပ် မဟာသီယာက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမတိုင်မီ အာဏာလွှဲပေးမည် မဟုတ်ဟု ပြောကြား
24htopnews | November 5, 2024 2:12 AM CST

ကမ္ဘာ့အသက်အကြီးဆုံး ဝန်ကြီးချုပ်ဖြစ်သည့် မလေးရှားဝန်ကြီးချုပ် မဟာသီယာက  လက်သပ်မွေး တပည့်ဟောင်း အန်ဝါအီဘရာဟင်ကို အာဏာလွှဲပြောင်း ပေးမည်ဟု ဒီဇင်ဘာ ၁၀ ရက်တွင် ကတိပေးခဲ့သည်။

သို့သော် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ (APEC) မတိုင်မီအထိ ရာထူးလွှဲပြောင်း ပေးဦးမည် မဟုတ်ကြောင်းနှင့် APEC ပြီးမှသာလျှင် အဆင်သင့်ဖြစ်မည် ဖြစ်ကြောင်း အသက် ၉၄ နှစ်အရွယ်ရှိ မဟာသီယာက ရိုက်စ်တာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် APEC ထိပ်သီး ဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

“အာဏာလွှဲပြောင်းပေးဖို့ ကျွန်တော် ကတိပေးတယ်။ ကျွန်တော်လုပ်ပေးမှာပါ။ APEC ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ချက်ချင်းကြီး အပြောင်းအလဲတစ်ခုကို လုပ်ဆောင်တာက အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ကျွန်တော် ယူဆထားတယ်” ဟု မဟာသီယာက ပြောကြားခဲ့သည်။

“လူတွေက သူ့ကို မလိုလားဘူးဆိုရင် ဒါက သူတို့ရဲ့ ကိစ္စပါပဲ။ ကျွန်တော်ကတော့ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ပေးမှာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရာထူးလွှဲပြောင်းပေးမှုသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဖြစ်လာနိုင်ခြေရှိ၊ မရှိ မေးမြန်းခဲ့မှုကို မဟာသီယာက “ရောက်လာတဲ့ အချိန်ကိုပဲ စောင့်ကြည့်ရမှာပဲ” ဟု မဟာသီယာက ဖြေဆိုခဲ့သည်။

မဟာသီယာနှင့် အန်ဝါတို့အကြား ရှုပ်ထွေးသည့် ဆက်ဆံရေးက ဆယ်စုနှစ်များစွာအတွင်း မလေးရှားနိုင်ငံ၏ နိုင်ငံရေးကို ပုံဖော်ခဲ့သည်။ မဟာမိတ်များဖြစ်သည့် ၎င်းတို့နှစ်ဦးသည် ပြင်းထန်သည့် ပြိုင်ဘက်များဖြစ်ခဲ့ပြီး နောင်အခါတွင် အာဏာရရှိရန်အတွက် ပြန်လည်ပေါင်းစည်းခဲ့ကြသည်။

မဟာသီယာသည် ညွန့်ပေါင်းအစိုးရ၏ ခေါင်းဆောင်အဖြစ် ၂၀၁၈ ခုနှစ်တွင် မမျှော်လင့်ဘဲ ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။ ယင်းညွန့်ပေါင်း အစိုးရတွင် အန်ဝါဦးဆောင်သည့် ပါတီက အင်အားအကြီးဆုံး ဖြစ်သည်။ အသက် ၇၂ နှစ်အရွယ်ရှိ အန်ဝါသည် လိင်တူဆက်ဆံမှုနှင့် ခြစားမှုစွဲချက်များ ထောင်ဒဏ်ချမှတ် ခံခဲ့ရသည်။ ယင်းစွဲချက်များသည် နိုင်ငံရေး အကြောင်းပြချက် ဖြစ်သည်ဟု အန်ဝါက ဆိုသည်။

လက်ထောက်ဟောင်း တစ်ဦးက အန်ဝါသည် ၎င်းကို ဖိအားပေးပြီး လိင်ဆက်ဆံခိုင်းရန် ကြိုးစားခဲ့သည် ဟုဆိုသော နောက်ထပ် စွပ်စွဲချက်များကို အန်ဝါက ပြီးခဲ့သည့် သီတင်းပတ်တွင် ငြင်းဆိုခဲ့သည်။ ယင်းစွပ်စွဲချက်များသည် နိုင်ငံရေး ခြေရှုပ်မှုများ ဖြစ်သည်ဟု အန်ဝါက ပြောကြားခဲ့သည်။

မဟာသီယာသည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ အန်ဝါသည် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ မဟာသီယာ၏ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အန်ဝါသည်  ၁၉၉၉ ခု နှစ်တွင် ထောင်ချခံခဲ့ရသည်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း မဟာသီယာက အန်ဝါကို ရာထူးလွှဲပြောင်းပေးမည်ဟု ပြောကြားခဲ့သော်လည်း ကြွေးမြီထူနေသည့်နိုင်ငံ၏ ပြဿနာကို ကနဦး ဖြေရှင်းရန် အချိန်များစွာ လိုအပ်သည်ဟု ပြောကြားခဲ့ချိန်တွင် ၎င်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး သံသယများ ကြီးထွားလာခဲ့သည်။

မလေးရှားနိုင်ငံ၏ ကြွေးမြီကို မြင့်တက်စေခဲ့သည့် 1MDB အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီ Goldman Sachs နှင့် မကြာမီ ပြေလည်မှုရရှိရန် မျှော်လင့်ထားသည်ဟု မဟာသီယာက ပြောကြားခဲ့သည်။


READ NEXT
Cancel OK