ဒီဂျစ်တယ်မှုခင်းသိပ္ပံဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးစီမံချက်အပါအဝင် မြန်မာနှင့်အိန္ဒိယံတို့အကြား မြန်ဆန်အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များအကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ်(၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံချက်များနှင့်ပတ်သက်ပြီး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာအကျိုးဖြစ ထွန်းစေမည့် (Quick Impact Projects- QIPs) အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်းအခမ်းအနားကို ကျင်းပရာ ဒီဂျစ်တယ်မှုခင်း သိပ္ပံဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံအုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေ ရသည့်ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ရေထောက်ပံ့ရေး စီမံချက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သောဓာတ်ငွေ့အမျိုးအစား ရေပလက်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ်သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက်စသည့် နားလည်မှုစာချွန်လွှာများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲတို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur တို့အား သက်သေထား၍ နစကဥက္ကဋ္ဌ ရှေ့မှောက်၌လဲလှယ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နစကဥက္ကဋ္ဌ၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးများနှင့်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ကိုဦးစွာရှင်းလင်းပြောကြားပြီး ယခုကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့တွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်းကို ဖော်ပြခြင်းပင်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသည် မိမိတို့၏ ဆက်ဆံရေးနှင့်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေကာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ဆက်လက်ထွန်းလင်းပါစေကြောင်း ပြောကြားသည်။
ထို့နောက် နစကဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် အိန္ဒိယနည်းပညာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အသိပညာမျှဝေမှု၊ မိတ်ဖက်ထူထောင်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုရရှိရန်အတွက် လူစွမ်းအားအရင်းအမြစ်ပျိုးထောင်မှုမှတစ်ဆင့် ဆောင်ရွက်မှုတို့အပေါ် ထားရှိသည့်သန္နိဋ္ဌာန်ကိုညွှန်ပြသည့် အမှတ် တံဆိပ်တစ်ခုအဖြစ် ကာလရှည်ကြာစွာ ရပ်တည်ဆောင်ရွက်နေသည့် အစီအစဉ်ကောင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ပါ ထိစပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့အကြား အချက်အခြာကျသည့်နေရာတွင် တည်ရှိနေပြီး တောင်အာရှနှင့်အရှေ့တောင်အာရှကို ဆက်သွယ်ပေးခြင်းကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယခုအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့ရာမှ ယခုအခါစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို ကမ္ဘာ့နိုင်ငံပေါင်း(၁၆၀)တို့က ဝန်ထမ်းပေါင်း နှစ်သိန်းကျော်တို့ကို လေ့ကျင့်ပို့ချပေးနိုင်ခဲ့ပြီဟုသိရကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် မြန်မာနိုင်ငံနှင့်ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်နှင့်ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက်လည်း အရေးပါသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ကဏ္ဍမျိုးစုံမှ ကျွမ်းကျင်ဝန်ထမ်းများအတွက် အကျိုးများစွာဖြစ်ထွန်းစေခဲ့ပြီး လေ့ကျင့်ရေး သင်တန်းများကိုလည်း ပို့ချပေးနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းများကို ယခင်က ပို့ချပေးခဲ့သည်ကိုလည်း သိရှိရကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ ဖွင့်လှစ်ပို့ချသည့် သင်တန်းများကို တက်ရောက်ပြီးမြောက် အောင်မြင်ခဲ့သည့် မိမိတို့၏ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်တပ်တစ်အား အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ယခုအခါ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နေသူများရှိလာပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အိန္ဒိယနိုင်ငံသည်မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်းကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၅၀ ဒသမ ၁၈၁ သန်းရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် ၁၁ တွင် ရှိနေကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏တန်ဖိုးအထားရဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်