Top News

အာဆင်နယ်အသင်းမှ အိုဇေးလ်ထွက်ခွာမည့်အကြောင်းကို မစဉ်းစားဟု အမ်မရီ ပြောကြား
24htopnews | November 4, 2024 8:12 AM CST

အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်း၏ အဓိကကွင်းလယ်လူ အိုဇေးလ် ထွက်ခွာမည့်အကြောင်းကို မစဉ်းစားကြောင်းနှင့် အိုဇေးလ်ထံမှ အကောင်းဆုံးခြေစွမ်းကို ရရှိရန်သာ တွေးတောနေကြောင်း ပြောကြားခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် အာဆင်နယ်အသင်း၏နောက်ဆုံးပွဲစဉ် (၄)ပွဲ ပါဝင်ခဲ့ခြင်းမရှိပေ။ အိုဇေးလ်သည် ယင်းထဲမှ (၂)ပွဲကို ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ခြင်းဖြစ်ပြီး ကျန်(၂)ပွဲတွင်မူ နည်းပြအမ်မရီက ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် အိုဇေးလ်အနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး အာဆင်နယ်အသင်းက ၎င်းနေရာတွင် အစားထိုးရန် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဟာမီစ်ရိုဒရီဂွက်ဇ်ကို ရာသီကုန်အထိ အငှားခေါ်ယူမည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် အမ်မရီက အိုဇေးလ်မှာ ၎င်း၏အနာဂတ်စီမံကိန်းများတွင် ပါဝင်နေဆဲဖြစ်ကြောင်းနှင့် စနေညတွင် ကစားမည့် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အိုဇေးလ် ပါဝင်ကစားဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

အမ်မရီက "အိုဇေးလ်နဲ့ ကျွန်တော် စကားပြောပြီးပါပြီး။ ဘာလို့လဲဆိုတော့ အိုဇေးလ်ဆီက ပုံမှန်ခြေစွမ်းကို ကျွန်တော် လိုချင်ပါတယ်။ အိုဇေးလ်မှာ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ ဒီတော့ တချို့ပွဲတွေမှာ သူ အရမ်းကောင်းတယ်။ တချို့ပွဲကျတော့ သူခြေစွမ်းမပြနိုင်ဘူး။ ပွဲစဉ်တစ်ပွဲမှာ ပွဲထုတ်ဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် အမြဲတမ်းကြည့်လေ့ရှိပါတယ်။ အိုဇေးလ်က နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ကစားခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ကစားသမားတွေကို ခွဲခြားဆက်ဆံတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။ သူအဆင်ပြေတယ်ဆိုရင် စနေညပွဲမှာ အသင်းနဲ့အတူ သူ ရှိနေပါလိမ့်မယ်။ ဒီရက်သတ္တပတ်တွေမှာတော့ အိုဇေးလ်ဟာ လေ့ကျင့်ရေးကွင်းမှာ ပုံမှန်ခြေစွမ်းပြနေတာကို တွေ့ရပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ သူ ပါဝင်ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အိုဇေးလ်ရဲ့ အပြောင်းအရွှေ့ကိစ္စတွေလား။ အဲဒါမျိုးကို ကျွန်တော် တွေးတောင် မတွေးပါဘူး။ ကျွန်တော် တွေးနေတာက အိုဇေးလ်ဆီက အကောင်းဆုံးခြေစွမ်းကို ဘယ်လိုရအောင် ယူရမလဲဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

အိုဇေးလ်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၁၃)ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး (၃)ဂိုးသွင်းယူထားသည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၂)အပြီးတွင် ရမှတ် (၄၁)မှတ်ဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်နေပြီး အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်း (၄၇ မှတ်)နှင့် (၆)မှတ်အထိ ကွာဟနေသည်။


READ NEXT
Cancel OK