Top News

ပိုချက်တီနိုအား မဖြစ်မနေခေါ်ယူရန် မန်ယူအသင်းကို ရွန်နီ တိုက်တွန်း
24htopnews | November 4, 2024 8:12 AM CST

 

အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းတွင် ကစားနေသည့် မန်ယူတိုက်စစ်မှူးဟောင်းရွန်နီက အသင်းဟောင်းအနေဖြင့် စပါးနည်းပြ ပိုချက်တီနိုကို မဖြစ်မနေခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မော်ရင်ဟိုကို နည်းပြရာထူးမှထုတ်ပယ်ပြီး ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဆိုးလ်ရှားကို ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် မခန့်အပ်မီက စပါးနည်းပြ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် စီစဉ်ခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သလို လက်ရှိအချိန်အထိလည်း ရာသီကုန်တွင် ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေဆဲဖြစ်သည်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီက လက်ရှိမန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှား၏ စွမ်းဆောင်မှုများကို လေးစားသော်လည်း မန်ယူဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်၏ ခြေရာကိုနည်းနိုင်သူမှာ ပိုချက်တီနိုသာဖြစ်သည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

ရွန်နီက '' နည်းပြသစ်ခန့်တာက မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုရဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သာ မန်ယူအသင်းရဲ့နည်းပြသစ်ကို ခန့်အပ်ခွင့်ရှိခဲ့မယ်ဆိုရင် ပိုချက်တီနိုကိုပဲ မရမကခေါ်ယူသွားမှာပါ။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀)၊ (၃၀) အတွင်းမှာ ဖာဂူဆန်ရဲ့ လက်အောက်မှာ လူငယ်ကစားသမားလေးတွေ အကယ်ဒမီကစားသမားတွေ အသစ်ခေါ်ယူတဲ့ ကစားသမားတွေနဲ့ အောင်မြင်မှုတွေ အများကြီးရှာဖွေနိုင်ခဲ့ပါတယ်။ ဖာဂူဆန်လုပ်ခဲ့သလိုမျိုး ပိုချက်တီနိုလည်း တစ်ထပ်တည်းလုပ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ စပါးအသင်းကို လူငယ်ကစားသမားတွေနဲ့ ပိုချက်တီနိုတည်ဆောက်ခဲ့တာကို ခင်ဗျားတို့လည်းတွေ့မှာပါ။ ပိုချက်တီနိုဟာ နည်းပြကောင်းတစ်ဦးရဲ့အရည်အသွေးတွေ ရှိသူဖြစ်ပြီး လူငယ်ကစားသမားတွေကိုလည်း အခွင့်အရေးပေးချင်စိတ်ရှိသူ ဖြစ်ပါတယ်" ဟု ESPN သတင်းဌာနသို့ ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လက်ရှိတွင် ယာယီနည်းပြဆိုးလ်ရှားကို နော်ဝေကလပ် မိုလ်ဒီအသင်းမှ ယခုရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီကုန်တွင် ပိုချက်တီနိုကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် စီစဉ်နေသော်လည်း စပါးအသင်းကို ပေါင်သန်း (၄၀) ကျော်အထိလျော်ကြေးပေးရမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK