Top News

ပရီးမီးယားလိဂ်နိုင်ပွဲဆက် စံချိန်သစ်ကို မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားရရှိခဲ့ပြီး မန်စီးတီးကို (၇) မှတ်ဖြတ်လိုက်တဲ့ လီဗာပူးလ်
24htopnews | November 4, 2024 8:12 AM CST

ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) စနေညရဲ့ပွဲစဉ်တွေမှာတော့ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။ 

 

 

ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ ကစားကွက်ပိုင်း၊ စိတ်ဓာတ်ပိုင်း၊ ရလဒ်ပိုင်းအားလုံး အပေါင်းလက္ခဏာဆောင်နေတဲ့ မန်ယူအသင်း ဒီနေ့ပွဲမှာလည်း ပြိုင်ပွဲစုံ (၇)ပွဲဆက်အနိုင်ရလဒ်နဲ့အတူ ယုံကြည်မှုထပ်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာလည်း မန်ယူအသင်းရဲ့တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ လင်ဂတ်တို့နဲ့ ဦးတည်ခဲ့ပြီး ဆိုးလ်ရှားလက်ထက်မှာ ဒီကစားသမား (၃) ဦးရဲ့ နားလည်မှု၊ စွမ်းဆောင်ရည်နဲ့ ကစားကွက်ပိုင်းဆိုင်ရာတိုးတက်မှုတွေက ကျေနပ်စရာပါ။

ဆိုးလ်ရှားဟာ မန်ယူအသင်းသမိုင်းမှာ ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် (၆) ပွဲဆက်အနိုင်ရတဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပြီး ဆာမက်ဘတ်စ်ဘီရဲ့ (၅) ပွဲဆက်အနိုင်ရလဒ်စံချိန်ကို ချိုးဖျက်ခဲ့တာပါ။

ပွဲစကတည်းက မန်ယူအသင်း ယုံကြည်မှုမှုရှိရှိနဲ့ ကစားခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ ပွဲချိန် (၂၇) မိနစ်မှာ ပေါ့ဘာက သူ့ကြောင့်ပယ်နယ်တီကို ကိုယ်တိုင်အမှားအယွင်းမရှိကန်သွင်းပြီး ဦးဆောင်စေခဲ့တာပါ။

ဂိုးရပြီးနောက်ပိုင်းမှာလည်း မန်ယူအသင်းပဲ ဆက်တိုက်ဆိုသလို ဖိအားပေးကစားခဲ့သလို ပထမပိုင်း (၄၂) မိနစ်မှာပဲ ဒုတိယဂိုးကို ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ ဒါလော့ရဲ့ပေးပို့မှုကနေ ရပ်ရှ်ဖို့ဒ်က (၁၈) ကိုက်စည်းအတွင်း တစ်ကိုယ်တော်အစွမ်းနဲ့ လှည့်ထွက်ကာ ထောင့်ဖြတ်ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ရပ်ရှ်ဖို့ဒ်အတွက် မန်ယူအသင်းနဲ့ ပြိုင်ပွဲစုံ ပွဲ (၁၅၀) မှာ (၄၁) ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဒီကာလအတွင်း တခြားမန်ယူကစားသမားအားလုံးထက် သာလွန်တဲ့ စွမ်းဆောင်ရည်လည်းဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၀) ဂိုးနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ မန်ယူအသင်းကစားအားအနည်းငယ်ချခဲ့လို့ ဘရိုက်တန်အသင်းအခွင့်အရေးတွေပြန်ရလာပါတယ်။

ဘရိုက်တန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် (၇၂) မိနစ်မှာ ဂရို့ဘ်က သွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ မန်ယူအသင်းက (၂-၁) ဂိုးနဲ့အနိုင်ရပြီး အာဆင်နယ်အသင်းရဲ့ ပွဲစဉ်မတိုင်ခင်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်ကလည်း အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲကိုမြင်ခဲ့ရပြီး လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ (၄-၃) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ချန်ပီယံဆုအတွက် အရေးပါလာချိန်မှာ ခံစစ်ပိုင်းပြဿနာအချို့ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဒီပွဲမှာလည်း အမှားအယွင်းမရှိအောင် သတိကြီးကြီးထားကစားခဲ့ပြီး လိုအပ်တဲ့နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။

ဒီပွဲမှာလည်း ကလော့ပ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်အခင်းအကျင်းကအပြောင်းအလဲမရှိခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်ရဲ့ မာထန်တဲ့တုံ့ပြန်အားက အန်ဖီးလ်မှာ လီဗာပူးလ်ကို ပွဲချိန်ပြည့်အခက်တွေ့စေခဲ့ပါတယ်။

ဦးဆောင်ဂိုးကို ခရစ္စတယ်ပဲလေ့စ်အသင်းက ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် (၃၄) မိနစ်မှာ ဇာဟာရဲ့ပေးပို့မှုကနေ တောင်ဆန်က သွင်းယူပေးခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ လီဗာပူးလ်အသင်းချေပဂိုးအတွက် ပြန်ကြိုးစားခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ခံစစ်ပိုင်းက အမှားအယွင်းမရှိခဲ့လို့ ပထမပိုင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက (၁-၀) ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ကံကောင်းတယ်လို့ဆိုရမှာက ဒုတိယပိုင်းအစမှာပဲ ချေပဂိုးရသွားခဲ့တာဖြစ်ပြီး ဗန်ဒိုက်ရဲ့ကန်ချက် ပဲလေ့စ်နောက်ခံလူထိပြီး ကျလာတာကို ဂိုးစည်းအတွင်းအဆင်သင့်ရှိနေတဲ့ ဆာလာက အသာအယာသွင်းယူသွားခဲ့တာပါ။

ချေပဂိုးရပြီးနောက်မှာ လီဗာပူးလ်အသင်းရဲ့ ကစားအားကပိုကောင်းလာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကို ထရစပ်တိုက်စစ်ဆင်ခဲ့ပါတယ်။ ပွဲချိန် (၅၃) မိနစ်မှာတော့ လီဗာပူးလ်အသင်းဦးဆောင်ဂိုးရခဲ့ပြီး ကီတာရဲ့ပေးပို့မှုကနေ ဖေမီနိုက ကန်သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း တန်ပြန်တိုက်စစ်ကနေတစ်ဆင့် လီဗာပူးလ်ရဲ့ အားနည်းတဲ့ခံစစ်ကို ဖိအားပေးခဲ့ပြီး (၆၅) မိနစ်မှာ တွမ်ကင်းက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချေပဂိုးသွင်းယူခဲ့လို့ လီဗာပူးလ်အသင်းဖိအားများခဲ့ပါသေးတယ်။

သရေရလဒ်ကြောင့် လီဗာပူးလ်အသင်းကစားအားတင်ခဲ့ပြီး (၇၅) မိနစ်မှာတော့ မီလ်နာရဲ့ ပေးပို့မှုကို ပဲလေ့စ်ဂိုးသမား ကာကွယ်ရာမှ မသေသပ်ဘဲ ကျွံထွက်လာတာကို ဆာလာက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ ဆာလာအတွက် ပရီးမီးယားလိဂ် (၇၂) ပွဲမှာ ဂိုး (၅၀) မြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ဒီရာသီ (၁၆) ဂိုးမြောက်ပရီးမီးယားလိဂ်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် (၈၉) မိနစ်မှာ နောက်ခံလူ မီလ်နာ (၂) ၀ါ(၁) နီနဲ့ ထုတ်ပယ်ခံရလို့ လီဗာပူးလ်အသင်းစိုးရိမ်စရာဖြစ်ခဲ့ပေမယ့် မိနစ် (၉၀) အပြီးထပ်ဆောင်းအချိန်ပို (၃) မိနစ်မှာ မာနေက စတုတ္ထဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မာနေရဲ့သွင်းဂိုးအပြီး နောက်ထပ် (၂)မိနစ်အကြာမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းက တတိယဂိုးကိုရရှိခဲ့ပြီး မိုင်ယာက သွင်းယူပေးခဲ့တာပါ။

ဒါကြောင့်ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက (၄-၃) ဂိုးနဲ့အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းရဲ့ ပွဲစဉ်မတိုင်ခင်မှာ (၇) မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဝုလ်ဗ် ၄-၃ လက်စတာ

ဘုန်းမောက် ၂-၀ ဝက်စ်ဟမ်း

လီဗာပူးလ် ၄-၃ ခရစ္စတယ်ပဲလေ့စ်

မန်ယူ ၂-၁ ဘရိုက်တန်

နယူးကာဆယ် ၃-၀ ကာဒစ်ဖ်

ဆောက်သမ်တန် ၂-၁ အဲဗာတန်

ဝက်ဖို့ဒ် ၀-၀ ဘန်လေ

လာလီဂါ

ရီးယဲလ်မက်ဒရစ် ၂-၀ ဆီဗီလာ



စီးရီးအေ

ရိုးမား ၃-၂ တိုရီနို

ဘွန်ဒစ်လီဂါ

လေဗာကူဆင် ၀-၁ မိုချန်ဂလာဘတ်

စတုဂတ် ၂-၃ မိန့်ဇ်

ဖရန့်ဖတ် ၃-၁ ဖရိုင်းဘတ်

အော့စ်ဘတ် ၁-၂ ဒစ်ဆယ်ဒေါ့ဖ်

ဟန်နိုဗာ ၀-၁ ဝါဒါဘရီမင်



လိဂ်ချန်ပီယံရှစ်

အက်စတွန်ဗီလာ ၂-၂ ဟားလ်စီးတီး

ဘလက်ဘန်း ၂-၀ အစ်ဝစ်ချ်

ဒါဘီ ၂-၁ ရက်ဒင်း

မစ်ဒယ်ဘရော့ ၁-၁ မီဝေါလ်

နော်တင်ဟမ် ၀-၁ ဘရစ္စတိုးလ်စီးတီး

QPR ၁-၄ ပရက်စတန်

ရော့သာဟမ် ၂-၄ ဘရန့်ဖို့ဒ်

ရှက်ဖီးဝင်းစ်ဒေး ၁-၀ ဝီဂန်

စတုတ်စီးတီး ၂-၁ လိဒ်စ်


READ NEXT
Cancel OK