ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းရာတွင် တစ်ဖက်နှင့်တစ်ဖက် အကျပ်အတည်းဖြစ်စေနိုင်သည့် ဆွေးနွေးညှိနှိုင်းမှုမျိုးကို တတ်နိုင်သမျှ ရှောင်ရှားကြရန် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့သည်။
သြဂုတ် ၁ ရက်မှစတင်၍ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည့် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ဗိုလ်မှူးကြီးစိုင်းငင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှူးကြီးစိုင်းငင်းက “ ဆွေးနွေးညှိနှိုင်းတဲ့အခါ ကိုယ့်မူ သူ့မူ အခိုင်အမာစွဲပြီး တစ်ဖက်ကိုတစ်ဖက် အကျပ်အတည်းဖြစ်စေနိုင်တဲ့၊ ညှိနှိုင်းအဖြေရှာဖို့ ခက်ခဲစေနိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးကို တတ်နိုင်သမျှ နှစ်ဖက်စလုံးက ရှောင်ရှားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအကျိုးနဲ့ အားလုံးအကျိုးအတွက် နှစ်ဖက်လက်ခံကျေနပ်တဲ့၊ မျှမျှတတဖြစ်တဲ့၊ ထိုက်သင့်တဲ့အပေးအယူ၊ အလျှော့အတင်းတွေကို လိုအပ်သလို ဆောင်ရွက်ပေးရေး ဝန်မလေးကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။
ရှစ်ကြိမ်မြောက် JICM သဘောတူညီချက်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်မှာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး သဘောတူညီချက်များ တော်တော်များများ ရရှိထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များကို နှစ်ဖက်ညှိနှိုင်းနေသကဲ့သို့ NCA အခန်း (၃) နှင့် (၄) ပါ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ၂၀၂၀ အလွန်တွင် မည်ကဲ့သို့ဆွေးနွေးမည်ဆိုသည့် လျာထားချက်များကို နှစ်ဖက်သဘောတူထားပြီးဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
“ ဒီနေ့ဆိုရင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီJMC-S အစည်းအဝေးတွေကို Parallel (အပြိုင်) သွားဖို့ကိစ္စကို အဓိကဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ မပြေလည်သေးတဲ့ သဘောထားကွဲလွဲမှုတွေကို ပြေလည်အောင်ညှိနှိုင်းနိုင်မယ့် အလားအလာတွေ အခြေအနေတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဆွေးနွေးညှိနှိုင်းရင်းနဲ့ တူညီတဲ့ ရပ်တည်ချက်၊ သဘောထားတွေကို သဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
လက်ရှိကျင်းပသည့် အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်၏ အမြင်သဘောထား၊ နားလည်မှုနှင့် ချဉ်းကပ်မှု မတူညီခြင်းများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
“ ရှစ်ကြိမ်မြောက် JICM အစည်းအဝေးအပြီး UPDJC နဲ့ JMC အစည်းအဝေးများကို နှစ်လအတွင်း ခေါ်ယူကျင်းပဖို့ သဘောတူထားတဲ့အတိုင်း UPDJC အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပေမယ့် MIC-U အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာမှ ကျင်းပနိုင်ခဲ့ပါတယ်။ JMC-S အစည်းအဝေးများ ကျင်းပနိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းနေပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ခုနှစ် ပထမလေးလပတ်အတွင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပိုမိုပါဝင်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာလည်း မိမိတို့အနေနဲ့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ လိုရာပန်းတိုင်ကို မရောက်ရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။
ရှစ်ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက် (၈) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက တာဝန်ယူဆွေးနွေး ညှိနှိုင်းနေခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်များတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် အချက်များရှိသလို အကောင်အထည် မဖော်နိုင်သေးသည့်အချက်များလည်း ရှိခဲ့ခြင်းကြောင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သည့် ကော်မတီအသီးသီးက ကြိုးပမ်းညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ