Top News

အစိုးရက အခြေခံလူတန်းစားများအား COVID-19 နှင့်ပတ်သက်၍ ထောက်ပံ့မှုများသည် ပါတီတစ်ခုုအတွက် မဲဆွယ်စည်းရုံးသည့် သဘောမဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများ ထောက်ပြ
24htopnews | November 3, 2024 9:12 PM CST

အစိုးရက အခြေခံလူတန်းစားများအား COVID-19 နှင့်ပတ်သက်၍ ထောက်ပံ့မှုများသည် နိုင်ငံရေးပါတီတစ်ခုအတွက် မဲဆွယ်စည်းရုံးသည့် သဘောမျိုးမဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြပြောကြားသည်။

လက်ရှိတွင် COVID-19 ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား အစိုးရက ဒုတိယအကြိမ် ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းအား ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူများက ရပ်ကွက်ရုံးများ၌ လည်းကောင်း၊ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခြင်းဖြင့်လည်းကောင်း ပြုလုပ်လျက်ရှိသည်။

ထိုသို့ထောက်ပ့ံပေးအပ်ရာတွင် အချို့သော မြို့နယ်များ၌ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ ပါဝင်ခဲ့မှုနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ရွေးကောက်ပွဲအကြိုကာလတွင် မဲဆွယ်စည်းရုံးနေသည်ဟု ထင်မြင်ယူဆစရာဖြစ်စေကြောင်း  နိုင်ငံရေးပါတီ တာဝန်ရှိသူများက ဝေဖန်သည်။

“ ဒါတွေက ဘာပြောပြော အစိုးရအာဏာကိုသုံးပြီးတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်ဆိုတာတော့ သာမန်အသိဉာဏ်နဲ့တောင် အကဲဖြတ်လို့ရတာပဲ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

COVID-19 ဖြစ်ပွားနေချိန် အစိုးရက ပြည်သူများကို ထောက်ပံ့ခြင်းအား ကြိုဆိုသော်လည်း အစိုးရအလုပ်နှင့် ပါတီအလုပ် သီးခြားဖြစ်ရန် လိုအပ်သည်ဟု မွန်ညီညွတ်ရေးပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“ ပြည်သူတွေကို ထောက်ပ့ံတာက အစိုးရရဲ့အလုပ်ပါ။ အစိုးရက အောက်ခြေဌာနအဆင့်ဆင့်ကို ညွှန်ကြားဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ပါတီဘက်ကနေ ဆောင်ရွက်ခွင့်၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ အစိုးရအနေနဲ့က ကိုယ့်ရဲ့အောက်ခြေဌာန အဆင့်ဆင့်ကနေပဲ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို ့ညွန်ကြားဖို ့လိုပါတယ်။ အစိုးရရဲ့ အလုပ်ကိုပါတီကနေ တစ်ဖက်လှည့်နဲ့ လုပ်နေတာသည် ဒါက လုံးဝမဖြစ်သင့်ပါဘူး” ဟု နိုင်လယိတမက ပြောကြားသည်။

အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့သည့် ငွေကျပ်နှစ်သောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အပါအဝင် တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ကာ ၎င်းတို့မှတစ်ဆင့် အိမ်ထောင်စုများထံ လက်ဝယ်ရောက်ပေးအပ်ခြင်းဖြစ်သည်။

ထိုသို့အိမ်ထောင်စုများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့မှ အိမ်တိုင်ရာရောက် ပေးအပ်ရာတွင် အချို့သောမြို့နယ်များ၌ NLD ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ ပါဝင်ပေးအပ်ကာ အချို့သောမြို့နယ်များတွင် ရပ်ကွက်ရုံးတွင် ပေးအပ်စဉ် ပါဝင်ပေးအပ်မှုများ ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် ဇူလိုင် ၂၆ ရက်က ဟင်္သာတမြို့ လယ်တီကွင်းရက်ကွက်ရုံးတွင် အိမ်ထောင်စုများအား ကျပ် နှစ်သောင်းပေးအပ်မှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းက ထောက်ပံ့ငွေကို မည်သူက ပေးအပ်ကြောင်း ပြောကြားရာ ထောက်ပံ့ငွေလက်ခံသည့် ပြည်သူများက သမ္မတကြီး ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ပေးခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှ့ံခဲ့သည်။

အဆိုပါရပ်ကွက်ရုံးတွင် အိမ်ထောင်စုများအား အစိုးရ ထောက်ပံ့သည့် ငွေကြေးပေးအပ်နေစဉ် အမျိုးသမီးတစ်ဦးက NLD အဖွဲ့က ပေးတာပါဟု ပြောဆိုမှုရှိခဲ့သည်ကို အဆိုပါဗီဒီယိုဖိုင်အရ သိရသည်။

“ ပြည်သူတွေအနေနဲ့ကတော့ ဝမ်းသာတာပေါ့နော်။ နိုင်ငံတော်ကနေပြီးတော့ သမ္မတကြီး ဦးဝင်းမြင့်ရယ်၊ နိုင်ငံတော် ဒေါ်အောင်ဆန်းစုကြည်ရယ် သူတို့ကနေ ဦးစီးပြီး အဆင့်ဆင့် ကျွန်တော်တို့ လက်ထဲကို ရောက်လာတယ်။ ပထမဆုံးအကြိမ်မှာလည်း ကျွန်တော့်ရပ်ကွက်အတွက် ၆၆၁ အိမ်စာပေ့ါနော်။ ပစ္စည်းငါးမျိုးကို သူတို့ ရရှိခဲ့ဖူးတယ်။ အခုအကြိမ်မှာလည်း ဒုတိယအကြိမ်ပေါ့။ ရရှိခဲ့တာ။ ရရှိတဲ့အတွက် သူတို့က အင်မတန်မှ ဝမ်းသာကြည်နူးဖြစ်ပြီးတော့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာလူမျိုးတွေ ဖြစ်တဲ့အတွက် သူတို့က ဒီအပေါ်ကနေပြီးတော့ နိုင်ငံတော်သမ္မတကြီးနဲ့  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ တောင်းကြတာပါ။ အဲဒီထဲမှာ ပြည်သူတစ်ယောက်ရဲ့အသံက တစ်မျိုးလေး ပါသွားတာ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့က သင်ခဲ့တာလည်း မဟုတ်သလို ပြောခဲ့တာလည်း မဟုတ်ဘူး။ သူ့ရင်ထဲက သူ့ဘာသာ ပေါက်ဖွားပြီး အော်လိုက်တဲ့အသံ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘာလုပ်ပါဆိုတဲ့ဟာမျိုး ညွှန်ကြားထားတာလည်း မရှိသလို ဘာမှဖိအားပေးတာမျိုးလည်း မရှိဘူး။ ပြည်သူက သူ့ဘာသူ အော်လိုက်တဲ့ဥစ္စာပါပဲ” ဟု လယ်တီကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းက အွန်လိုင်းတွင် ပျံ့နှ့ံခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ The Daily Eleven သတင်းစာကို ပြောကြားသည်။

ယခုကဲ့သို့ ပြည်သူလူထုအား ထောက်ပံ့ငွေသည် အစိုးရက တိုင်းပြည်ဘဏ္ဍာငွေမှ ကျခံသုံးစွဲပေးခြင်းဖြစ်ရာ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားအတွက် ရည်ရွယ်သည့် အဓိပ္ပာယ်သက်ရောက်သွားမည်ဆိုလျှင် မူလရည်ရွယ်ချက် ပျောက်ပျက်သွားနိုင်သောကြောင့် သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က အကြံပြုသည်။

၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်အဆင့် အစိုးရတာဝန်ရှိသူများ ပါတီစည်းရုံးရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပါ ပြဌာန်းချက်ကို ကိုးကားပြီး အခြေခံဥပဒေနှင့် ဆန့်ကျင်သည့် ပါတီစည်းရုံးရေးလုပ်ငန်းများကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ (သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဆိုလို) ပါဝင်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အစိုးရအောက်ခြေပိုင်းမှ တာဝန်ရှိသူများ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းက အံ့သြစရာမဟုတ်တော့ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီဥက္ကဌ ဦးသိန်းညွန့်က ဆိုသည်။

“ အခြေခံဥပေဒနဲ့ပတ်သက်ပြီး ထိပ်ပိုင်းကတောင် အခုလို မညီတာလုပ်ရင် အောက်ခြေပိုင်းက ကျင့်ဝတ်မလိုက်နာတာကတော့ ဒါကတော့ ထမင်းစားရေသောက်လို ဖြစ်သွားပါပြီလို့ ပြောပါရစေ” ဟု ဦးသိန်းညွန့်က ပြောကြားသည်။

COVID-19 ကာလ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများအတွက် အစိုးရက ဧပြီတွင် ပထမအကြိမ် ထောက်ပံ့မှုအဖြစ် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန် ငါးမျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် အိမ်ထောင်စုများ ရှိခဲ့သည်။

ယခု ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု ငါးသန်းလေးသိန်းကျော်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းကို ရပ်ကွက်ရုံးများနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိသည်။

ယင်းသို့ပေးအပ်ရာတွင် ဇူလိုင် ၂၆ ရက်က ကော့မှူးမြို့နယ်၌ ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ  ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပါဝင်ပေးအပ်မှုရှိခဲ့ရာ ဝေဖန်မှုခံခဲ့ရသည်။

ကော့မှူးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတွင် ကော်မတီနာယကတစ်ဦးအနေဖြင့် ပါဝင်လျက်ရှိခြင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် ထောက်ပံ့ငွေ ပေးအပ်ရာတွင် ပါဝင်ရန် ဖိတ်ကြားခံရမှုကြောင့် ပါဝင်ပေးအပ်ခြင်းဖြစ်သည်ဟု ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ဝေဖန်မှုများနှင့်ပတ်သက်၍ ရှင်းလင်းသည်။

ထို့အတူ အခြေခံလူတန်းစားအိမ်ထောင်စုများထံ ပေးအပ်လျက်ရှိရာ ဇူလိုင် ၂၉ ရက်က မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင်လည်း NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်အတူ အစိုးရထောက်ပံ့သည့် ကျပ်နှစ်သောင်းကို အိမ်ထောင်စုအချို့အား ရပ်ကွက်ရုံး၌ ပေးအပ်ရာတွင် ပါဝင်ပေးအပ်ခဲ့သည်။

သို့သော် ယင်းသို့အစိုးရ၏ ထောက်ပံ့ငွေပေးအပ်သည့်ဖြစ်စဉ်တွင် အာဏာရပါတီမှ ကိုယ်စားလှယ် ပါဝင်ပေးအပ်ခြင်းက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဟု ရှုမြင်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်ဘီထူးက ပြောကြားသည်။

“COVID နဲ့ပက်သက်သမျှ အလှူငွေတွေအားလုံးကို ထွေအုပ်ရုံးမှာ လှူခိုင်းတာတို့ ပြည်နယ်အစိုးရကို လှူခိုင်းပြီးမှ အစိုးရကနေပြီးမှပေါ့နော်။ လှူပေးတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ နိုင်ငံရေးပါတီတွေသော်လည်း အရပ်ဘက်အဖွဲ့အစည်းတွေသော်လည်းကောင်းပေါ့နော်။ အလှူလုပ်ချင်တယ်သွားပြီး လှူချင်တာတောင်မှ ဒါအစိုးရက ခွင့်မပြုတဲ့ဟာမျိုးတွေ ထွေအုပ်က ကန့်သတ်တဲ့ဟာမျိုးတွေ ကျွန်တော်တို့ကိုယ်၌က ကိုယ့်ပြည်သူတွေ ကိုယ့်လူထုတွေကို ပေါ်တင်သွားလှူတာတို့ လုပ်ပိုင်ခွင့်မရတော့တဲ့ဟာမျိုး ဖြစ်သွားတာပေါ့နော်။ အစိုးရက ဒီအလှူငွေတွေကို အသုံးချပြီးမှ သူရဲ့စည်းရုံးရေးတွေကို ပေါ်ပေါ်တင်တင် လုပ်သွားတာပေါ့နော်။ ဒီ COVID ငွေကို အသုံးချပြီးမှ သွားလှူတယ် ။ နောက်အစိုးရက လှူတဲ့ပုံစံမျိုးပဲပေါ့ ပြတယ်ပေါ့။ မူရင်းအလှူရှင်ကို တစ်ခါမှ မဖော်ပြဘဲနဲ့ အစိုးရက လှူတယ်။ တစ်ဖက်မှာက ကျွန်တော်တို့ စိုးရိမ်တဲ့အရာ ရှိသေးတယ်ပေါ့နော်” ဟု ကယားပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအချို့နှင့် ပတ်သက်၍ ခွန်ဘီထူးက ပြောကြားသည်။

ကယားပြည်နယ်အတွင်း COVID ကို အသုံးချပြီး၍ အလှူငွေများ အများအပြားပေးနေသည့်အပေါ် မဲဆွယ်စည်းရုံးသည့် အခြေအနေမျိုးဖြစ်သွားခြင်းကို သက်သေပြနေကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ ဒါတော့ မတရားတဲ့အခြေအနေတစ်ခု ဖြစ်နေတယ်လို့တော့ ယူဆတယ်။ အခုချိန်ထိကလည်း COVID ကို အသုံးချပြီးတော့မှ လူစုလူဝေးကို လူ ၁၅ ယောက်လောက်ပဲ ခွင့်ပြုတဲ့အပေါ် ကျွန်တော်တို့ ဘက်ကလည်း အတော်လေးစိုးရိမ်မကင်း ဖြစ်တယ်ပေါ့နော်” ဟု ခွန်ဘီထူးက ပြောကြားသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အတွက် မြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအပါအဝင် ယခုကဲ့သို့ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အားသာချက်ရှိပြီး ယင်းသည် ဥပဒေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ဖြစ်၊ မဖြစ် မှာ ကိုယ်စားလှယ်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ရာတွင် ပြောဆိုသုံးနှုန်းမှုအပေါ် မူတည်မည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက မှတ်ချက်ပြုသည်။


READ NEXT
Cancel OK