Top News

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ဒေါက်တာတင်မာအောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးစာရင်း ထုတ်ပြန်
24htopnews | November 3, 2024 9:12 PM CST

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီမှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ဒေါက်တာတင်မာအောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးစာရင်းကို ထုတ်ပြန်သည်။

ALD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီဌာနချုပ်ရှိရာ ကျောက်တော်အပါအဝင် ကျောက်ဖြူ၊ မာန် အောင်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ် စသည့် မြို့နယ်ခုနစ်မြို့နယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ALD ပါတီ ကိုယ်စားလှယ်လောင်း ၂၄ ဦးတွင် ဒေါက်တာတင်မာအောင် အပါအဝင် အမျိုးသမီးကိုယ်စားလှယ်လောင်းနှစ်ဦး ပါဝင်ပြီး ကျန်တစ်ဦးမှာ သံတွဲမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၁)တွင် ယှဉ်ပြိုင်မည့်  ဒေါ်မေနွယ်စိုးဖြစ်သည်။

ALD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာတင်မာအောင်သည် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅  ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အစိုးရတာဝန် မထမ်းဆောင်မီ အနီးကပ်နေထိုင်ကာ လို အပ်သည့်လုပ်ငန်းဆောင်တာများကို ကူညီလုပ်ကိုင်ပေးခဲ့သူဖြစ်သည်။

သို့ရာတွင် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်မူ ၎င်းဖခင်ဖြစ်သူ ဒေါက်တာစောမြအောင် တည်ထောင်ခဲ့သည့် ALD ပါတီကိုယ်စားပြု၍  ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်နေရာအား ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

“NLD ဒေါ်စုအနားမှာ လုပ်ပေးရတယ် ဆိုတာကလည်း ဒီမိုကရေစီရအောင်အထိ  အကူအညီပေးဖို့ သူ့အဖေရဲ့ မှာကြားချက်ရှိတယ်။ ဒီမိုကရေစီရအောင်အထိ အကူအညီပေးဖို့။ အခုကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အနိုင်ရပြီးတော့ ဒီမိုကရေစီအ ရွေ့တစ်ခုလည်း ရွေ့ပြီဆိုတဲ့အချိန်မှာ ဒေါက်တာတင်မာအောင်ဟာ ရခိုင်အရေးအရာ ကိစ္စတွေထဲမှာ ထဲထဲဝင်ဝင်ပြန်ပြီးတော့ ပါလာတယ်။ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှာလည်း အတွင်းရေးမှူးအနေနဲ့ လှုပ်ရှားပြီးတော့ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုး ရေးအလုပ်တွေကို အများကြီး လုပ်ပေးတယ်။ နောက် မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ အဓိကကြိုးစားပေးတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ သူ့အသက်အရွယ်နဲ့ ဒီနေ့ ရခိုင်ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲနဲ့ဆိုတဲ့အချိန်မှာ သူဟာ ရခိုင်ပြည် နိုင်ငံ ရေးထဲမှာ ဝင်ရောက်ဖို့ အသင့်တော်ဆုံးအချိန်လို့ သတ်မှတ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒေါက်တာတင်မာအောင်ကို ၂၀၂၀ အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ တာ ဝန်ပေးအပ်ခြင်းဖြစ်ပါတယ်” ဟု ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

ထို့ပြင် ပါတီပြန်လည်ထူထောင်သည့် ကာလဖြစ်၍ အောက်ခြေပါတီတည်ဆောက်မှု မပြုလုပ်နိုင်ခြင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့် စစ်တွေခရိုင်နှင့် မောင်တောခရိုင်တို့တွင် ALD ပါတီ ဝင် ရောက်ယှဉ်ပြိုင်ခြင်း မရှိကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ယှဉ်ပြိုင် မည့် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ထုမေကို ပါတီဝင်ဟောင်းဖြစ် သည့်အတွက် ALD ပါတီအနေဖြင့် ဝန်းရံ သွားမည်ဟု ဦးမျိုးကျော်က ပြောကြားသည်။

ဒေါ်ထုမေသည် ALD ပါတီနှင့် ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)  တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) ပါတီ မထူထောင်မီတည်းက ALD ပါတီဝင် ဖြစ်သည်။

သို့ရာတွင် ANP ပါတီကိုယ်စားပြု၍ ၂၀၁၅ ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်များကို ANP ပါတီက လာမည့်ရွေးကောက်ပွဲမတိုင်မီအထိ ပါတီမှ တရားဝင် နုတ်ထွက်ခွင့်မပြုသောကြောင့် တစ်သီးပုဂ္ဂ လကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်သည်။

ALD ပါတီကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရခိုင်ပြည်သူလူထူဆန္ဒအရ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ရခိုင်နှစ်ပါတီ ပေါင်းစည်းခဲ့သော်လည်း ပါတီ တွင်း သဘောထားမတိုက်ဆိုင်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ALD ပါတီကို ပြန်လည် တည်ထောင်ကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။       

 


READ NEXT
Cancel OK