Top News

ရွေးကောက်ပွဲကာလ မဟုတ်သည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းဟု သုံးစွဲခြင်းမပြုရန်နှင့် သုံးစွဲပါက တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန််
24htopnews | November 3, 2024 1:12 PM CST

ရွေးကောက်ပွဲကာလမဟုတ်သည့် အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းဟု သုံးစွဲဖော်ပြခြင်း မပြုရန်နှင့် သုံးစွဲပါက ပြုမူဆောင်ရွက်သည့် အကြောင်းအရာအပေါ် မူတည်ပြီး တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၇ ရက်တွင်ကြေညာချက် ထုတ်ပြန်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းဟူသော အမည်ဂုဏ်ပုဒ် သုံးစွဲဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အချက် ခုနစ်ချက်ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် အထက်ပါအတိုင်း အသိပေးထားခြင်း ဖြစ်သည်။

“ဟိုတုန်းက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်က လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုပြီးတော့ လမ်းဘေးမှာ ဆိုင်းဘုတ်တင်ပြီးတော့ သုံးတာကို တင်ပြလာလို့ မနေ့က လွှတ်တော်မှာ မေးခဲ့တဲ့ အဲဒီကိစ္စပါ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောကြားသည်။

သြဂုတ် ၂၇ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ၎င်း၏ မဲဆန္ဒနယ်မြေအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဟူ၍ ရေးသားကြေညာမှုရှိနေပြီး ယင်းလုပ်ရပ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်ခြင်း ရှိိ၊ မရှိ မေးခွန်းမေးမြန်းခဲ့သည်။

ဦးအောင်စိုးမင်း၏ မေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ရွေးကောက်ပွဲကာလ မဟုတ်သည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဟု ရေးသားကြေညာခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက် ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်းနှင့် နောင်အလားတူ ဖြစ်စဉ်မျိုး မပေါ်ပေါက်စေရန် နိုင်ငံရေးပါတီများနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များသို့ ကြေညာချက်ထုတ်ပြန်သွားမည်ဟု လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရွာငံမြို့နယ်အတွင်း မြေလွတ်၊မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်ရရှိကြောင်း ဆိုင်းဘုတ်ထောင် ကြေညာမှုတစ်ခုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဟု ထည့်သွင်းရေးသားထားမှုကို ဇူလိုင်လတည်းက တွေ့ရှိရပြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ချိန်အထိ တွေ့ရှိရဆဲဖြစ်သည်ဟု ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက  ဆိုသည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ ရွေးကောက်ပွဲကာလ မဟုတ်တဲ့အတွက် သုံးစွဲခွင့်မရှိဘူး။ သူ့ဘာသူ မြေလွတ် မြေရိုင်းရတာတွေက သူ့အပိုင်း ကျွန်တော်နဲ့ မဆိုင်ဘူး။ ကျွန်တော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလို့ သုံးစွဲတာဟာ ဥပဒေနဲ့ ညီ၊ မညီ မေးခွန်းမေးတာ။ ကျွန်တော့်မြို့နယ်မှာရှိနေတဲ့ အတွက်လေ” ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းပြီးနောက် ကော်မရှင်အဖွဲ့ခွဲများက လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ခံပိုင်ခွင့်ရှိသူဖြစ်ကြောင်း ကြေညာသည့်နေ့မှစ၍ ရွေးကောက်တင်မြှောက်ပြီးသည့်နေ့အထိ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင် သုံးစွဲခွင့်ရှိပြီး  သတ်မှတ်ချက်များ နှင့် ညီညွတ်ခြင်းမရှိသောကြောင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ခံပိုင်ခွင့် မရှိသူဖြစ်ကြောင်းကြေညာခံရသူ၊ အယူခံငြင်းပယ်ခံရသူ၊ ရွေးကောက်တင်မြှောက်ခြင်းမခံရသူများသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်သုံးစွဲခွင့်မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိိသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူအား ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်း၊ ပြင်ဆင်မှုနှင့်အယူခံ တင်သွင်းခြင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားခြင်း စသည့်ကိစ္စရပ်များတွင်သာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် သုံးစွဲခွင့်ရှိိပြီး အခြားကိစ္စရပ်များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းဟူ၍ သုံးစွဲခွင့်မရှိကြောင်း ကော်မရှင်က ထုတ်ပြန်သည်။                              


READ NEXT
Cancel OK