ဗစ်တိုးရီးယားကိုယ်တိုင် မိမိဖင်ဘုအား မည်သူမည်ဝါဆိတ်ကြောင်း ပြောဆိုထားသည့် ဗီဒီယိုဖိုင်အား တရားခံရှေ့နေမှ ကလေးငယ်၏ အဘွားအား ပြသမေးမြန်းမှုကို ဥပဒေအရာရှိက ကန့်ကွက်ခဲ့သော်လည်း တရားရုံးတော်က မေးမြန်းခွင့်ပြုရန် အမိန့်ချမှတ်ခဲ့သည်။
သြဂုတ် ၂၈ ရက်က ဗစ်တိုးရီးယား အမှု၏ ငါးကြိမ်မြောက်ရုံံးချိန်းတွင် ကလေးငယ်နှင့်အတူနေသည့် အဘွားအား စစ်ဆေးခဲ့ပြီး အဆိုပါရုံးချိန်းတွင် စွပ်စွဲခံရသူအောင်ကြီး၏ ရှေ့နေဖြစ်သူကကလေးကိုယ်တိုင် မိမိဖင်ဘုအား မည်သူမည်ဝါဆိတ်ကြောင်း ထွက်ဆိုထားသည့် ဗီဒီယိုဖိုင်အား ပြသမေးမြန်းစဉ် တရားလိုဥပဒေအရာရှိက ယင်းဗီဒီယိုဖိုင်သည် သက်သေခံအဖြစ် တင်သွင်းထားခြင်းမရှိသည့်အတွက် မေးမြန်းခွင့်မပြုရန် ကန့်ကွက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့တရားလိုဥပဒေအရာရှိက ပြသမေးမြန်းခွင့်မပြုရန် လျှောက်ထားခဲ့သော်လည်း စွပ်စွဲခံရသူအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်နှင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသူ ဒေါ်ရွက်နုအောင်တို့က ယခင်ရုံးချိန်း၌ကလေး၏ ဖခင်ဖြစ်သူ စစ်ဆေးစဉ်က သက်သေခံ(ဂ)အဖြစ် တင်သွင်းခဲ့သည့် သက်သေခံဖုန်းထဲတွင်ပါရှိပြီး ဖြစ်သဖြင့် ပြသမေးမြန်းခွင့်ပြုရန် ပြန်လည်လျှောက်ထားမှုအပေါ် တရားရုံးတော်က မေးမြန်းခွင့်ပြုရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“သက်သေခံ(ဂ)ကအရေးကြီးတယ်။ ဗီဒီယိုဖိုင်သုံးဖိုင်ပါတယ်။ သမီးလေးကနေပြီးတော့မှ သူ့ရဲ့ဆိတ်ဆန္ဒအရ သူ့ရဲ့ဖင်ဘုကို ဆိတ်တဲ့သူတွေဟာ ဘယ်သူတွေပါဆိုတာကို ဓာတ်ပုံတွေကိုဆွဲပြီးထုတ်ပြထားတဲ့ ဗီဒီယို ဖိုင်ကနှစ်ဖိုင်ပါတယ်။ အဲဒီထဲမှာ တိတိကျကျ ပြောထားတဲ့ အခြေအနေတွေရှိတယ်။ ဒီနေ့အချိန်အခါမှာ ပြီးခဲ့တဲ့ရုံးချိန်းမှာ သက်သေခံအဖြစ် လက်ခံထားပြီးသားကို ဥပဒေအရာရှိကနေပြီးတော့ သက်သေခံလက်ခံ ထားတာမရှိဘူး ဆိုပြီးတော့ ဒီကနေ့ထူးခြားချက်အဖြစ်ရှိတယ်။ အခြေအနေနဲ့ အချိန်အခါအရ လိုအပ်တယ်လို့ယူဆတဲ့အတွက် ဆိတ်မကောင်းကြီးစွာနဲ့ ဒီဓာတ်ပုံတွေကို ပြသပြီး မေးမြန်းရတာဖြစ်ပါတယ်။ ဒီလိုမေးမြန်းတဲ့ အခါမှာလည်း မိဘတွေက သူတို့ရဲ့ နှလုံးဆုပ်ကိုင်ပြီးတော့မှ ဝမ်းနည်းကြီးစွာနဲ့ ဒီအဖြေကို ထုတ်ခဲ့ရတာ ဖြစ်တယ်။ ကလေးလေးကလည်း ဒီဓာတ်ပုံတွေကိုအကြိမ်ကြိမ် အခါခါဒီကိုကိုတွေက သူ့ဖင်ဘုကိုဆိတ်တာပါဆိုတာ အကြိမ်ကြိမ်ပြောတယ်။ အဲဒါကလည်း တရားရုံးကိုသက်သေခံအဖြစ်ဝင် သွားတယ်ပေါ့။ ဝင်သွားတဲ့အခါမှာ အောင်ကြီးရဲ့ ရှေ့နေကနေပြီးတော့ သက်သေခံ(ဂ) အပေါ် မူတည်ပြီးတော့ ဒီနေ့ပြသမေးမြန်းဖို့ရာ စီစဉ်တယ်ပေါ့။ စီစဉ်တဲ့အခါမှာ ဥပဒေအရာရှိက သက်သေခံမဝင်ဘူးဆိုပြီး ကန့်ကွက်တာပေါ့”ဟု တရားလိုဘက်မှရှေ့အဖြစ်လိုက် ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောကြားသည်။
ရုံးတော်က သက်သေအဖြစ် လက်ခံသည့် ဗီဒီယိုဖိုင်အားကြည့်၍စွပ်စွဲခံရသူ၏ ရှေ့နေဘက်မှ ဗစ်တိုးရီးယား၏ အဘွားအား မေးမြန်းရာတွင် အကျႌအပြာရောင်ဝတ်ဆင်ထားသည့် ယောကျ်ားလေးပုံတစ်ပုံ (ကိုကို၏ ပုံ) အကျႌအနက်ရောင်ဝတ်ဆင်ထားသည့် ယောကျ်ားလေး ဓာတ်ပုံတစ်ပုံ (ညီညီ၏ပုံ) တို့အား ပြသပြီး ‘သမီးလေးကိုဒီကိုကိုတွေက ဘာနဲ့လုပ်တာလဲ’ ဟုမေးမြန်းသည့်အခါ ‘လက်နဲ့ဆိတ်တာ။ ဖင်ဘုကို’ ဟုကလေးက ပြောဆိုပြီး ကလေးဖခင်၏ အစ်ကိုဖြစ်သူမှ ‘သမီးလေး ငိုသေးလား’ ဟု မေးမြန်းသည့်အခါ ‘ငိုတယ်’ ဟု ပြန်လည်ပြောဆိုခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယင်းသို့ပြောဆိုပြီးနောက် ကလေးက ဓာတ်ပုံနှစ်ပုံအား လက်ဖြင့်ယူ၍ ပြသပြီး ‘ဒီကိုကိုနှစ်ယောက်’ ဟု ထပ်မံပြောဆိုသည့်အပြင် အခြားဓာတ်ပုံများအား ‘အဲဒါ မပါဘူး။ No, No, No ’ ဟုပြောပြီး အခြားဓာတ်ပုံများအား ဖယ်ခဲ့သည်ဆိုပါကမှန်ကန်ကြောင်း၊ ကလေးငယ်မှ ‘သမီးနဲ့လာဆော့တာလေ’ ဟုပြောဆိုသည့်အခါ ကလေးဖခင်၏ အစ်ကိုဖြစ်သူက ‘အခြားသူငယ်ချင်းတွေနဲ့ဆော့လား’ ဟုမေးမြန်းသည့်အခါ ကလေးငယ်က ‘မဆော့ဘူး။ ဒီကိုကိုနှစ်ယောက်’ ဟု တစ်ခုချင်းစီလက်ညှိုးထောက်၍ ပြသခဲ့ကြောင်း အဘွားဖြစ်သူက ထွက်ဆိုခဲ့သည်။
ထို့ပြင် ကလေးငယ်မှ အပြာရောင်ဝတ်ထားသည့် တီချယ်နှင်းနုဆိုသူအမျိုးသမီး၏ ဓာတ်ပုံအားယူကြောင်း၊ ‘တီချယ်နုင်းနုက ဆူတယ်’ ဟုပြောဆိုပြီး ဓာတ်ပုံနှစ်ပုံအား ကလေးငယ်က လက်ညှိုးထိုး၍သူတို့ကိုဆူတာ၊ ပြောဆိုခဲ့သည်မှာ မှန်ကန်ကြောင်း၊ ကလေးငယ်အားပြသသည့် ဓာတ်ပုံငါးပုံတွင် ပါဝင်သည့် အကျႌအဖြူရောင်ဝတ်ထားသည့် အမျိုးသား(အောင်ကြီး) ၏ ဓာတ်ပုံကိုကြည့်၍ ‘မီးမီးမသိဘူး’ ဟုလည်းကောင်း၊ အကျႌအပြာရောင် ဝတ်ထားသည့် အမျိုးသမီး(နှင်းနု) ဓာတ်ပုံအား ‘တီချယ်နှင်းနု’ ဟုရွေးထုတ်ပြသခဲ့သည်ဆိုပါက မှန်ကန်ကြောင်း၊ သက်သေခံ(ဂ)တွင်ပါရှိသည့် မှတ်တမ်းအားရိုက်ကူးစဉ်က ကလေးငယ်အားမည်သူကမျှ ကြိုတင်သင်ပေးထားခြင်းမရှိကြောင်း၊ ကလေးငယ်က ၎င်းဘာသာ ပြောခြင်းဖြစ်ကြောင်း အဘွားဖြစ်သူက စွပ်စွဲခံရသူအောင်ကြီး ရှေ့နေ၏ မေးမြန်းမှုကို ထွက်ဆိုခဲ့သည်။
“ကလေးရဲ့အဘွားကို သက်သေခံ(ဂ)အဖြစ် လက်ခံထားတဲ့ ဖုန်းထဲက ဗီဒီယိုဖိုင်နှစ်ဖိုင်ကို ပြပြီးတော့မေးတယ်ပေါ့။ ပြမေးတဲ့အခါမှာ ကလေးရဲ့အဘွားကလည်း ဒီဗီဒီယိုဖိုင်ရိုက်စဉ်က သူရှိတယ်။ ရှိတဲ့အတွက် ဒီအချက်တွေကို သူသိတယ်ဆိုပြီးတော့လည်း ထွက်ထားတော့မေးတဲ့အခါမှာ ဥပဒေအရာရှိက ကန့်ကွက်ပါတယ်။ အဲဒီအခါမှာ ကျွန်မတို့က ဒီဗီဒီယိုဖိုင်က ဟန်းဆက်ကို တစ်ခါတည်း သက်သေခံအဖြစ် လက်ခံပြီးသားဖြစ်တဲ့အတွက် ဗီဒီယိုဖိုင်က သက်သေခံဝင်တယ်ဆိုတဲ့အကြောင်းကို ကျွန်မတို့က လျှောက်လဲတယ်။ ဒါကြောင့်လည်း ရုံးတော်ကနေပြီးတော့ ဒီဗီဒီယိုဖိုင်ဟာ သက်သေခံ(ဂ)အဖြစ် လက်ခံပြီးသားဖြစ်တဲ့အတွက် ဗီဒီယိုဖိုင်ကို ပြသပြီးတော့ ကလေးရဲ့အဘွားကိုမေးမြန်းခွင့်ရှိ တယ်ဆိုပြီးတော့ အမိန့်ချခဲ့ပါတယ်။ ဒါကြောင့်မို့လို့ တရားရုံးရဲ့ အမိန့်က ကျွန်မတို့က အဘွားကို ဗီဒီယိုဖိုင်ကို ပြပြီးတော့ သက်သေခံ(ဂ) ဗီဒီယိုဖိုင်ကိုပြပြီးတော့ မေးမြန်းခွင့်ရခဲ့ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောကြားသည်။
အဆိုပါဗီဒီယိုဖိုင်အား သက်သေခံအဖြစ်လက်မခံ ပေးရန်လျှောက်ထားခဲ့သည့် ဥပဒေအရာရှိ ဦးကျော်မင်းအောင်က “အမှုစွဲတင်ပြီးနောက်ပိုင်း ရိုက်ကူးထားသည့် မူဗီဖိုင်ဖြစ်လို့။ အမှုရှုပ်ထွေးသွားနိုင်တဲ့အတွက် ကန့်ကွက်တာပါ” ဟု သတင်းထောက်များအား ပြန်လည်ဖြေကြားသည်။
ငါးကြိမ်မြောက်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ကလေးငယ်၏ အဘွားအား နံနက် ၉ နာရီ ၅၀ မိနစ်တွင် စတင်စစ်ဆေးခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ခေတ္တရပ်နားခဲ့ရာ မွန်းလွဲ ၂ နာရီတွင် ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် စစ်ဆေးမှုများပြီးဆုံးခဲ့သည်။
ဗစ်တိုးရီးယားအမှု၏ ငါးကြိမ်မြောက် ရုံးချိန်းတွင် ကလေးငယ်၏ အဘွားအား စစ်ဆေးခဲ့ပြီးနောက် Wisdom Hill ကျောင်းတွင် တပ်ဆင်ထားသော CCTV မှတ်တမ်းအား ရဲစခန်းသို့အပ်နှံခဲ့သူ ကိုရန်နောင်ဌေးအား စစ်ဆေးရန် ရုံးတော်ကဆင့်ခေါ်ထားသော်လည်း CCTV မူရင်းမှတ်တမ်းပါဝင်သည့် hard disk ယူဆောင်ခဲ့ခြင်းမရှိသည့်အတွက် စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
“ရန်နောင်ဌေးကို ကျွန်မတို့စစ်ဖို့စီစဉ်တဲ့အခါမှာ ကိုရန်နောင်ဌေးက ရုံးတော်ရှေ့ကိုလာတယ်။ ဒါပေမဲ့ CCTV မှတ်တမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေါ့။ CCTV hard disk မပါလာဘဲနဲ့ ကွန်ပျူတာပုံးကြီးပဲပါလာတဲ့အတွက် ကျွန်မတို့က မူရင်းသက်သေခံချက် မဟုတ်တဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်လို့ စစ်ဆေးဖို့အခက်အခဲရှိတဲ့အတွက် သူ့ကိုမစစ်ဆေးဘဲနဲ့ နောက်တစ်ချိန်းကို ပြန်ချိန်းလိုက်ပါတယ်” ဟု ဒေါ်ရွက်နုအောင်က ပြောကြားသည်။
ရုံးတော်ရှေ့သို့ယူဆောင်လာသည့် Computer System ပုံးသည် Memory Stick မှကူးယူ၍ ယင်း System ပုံးထဲရှိ Hard Disk ထဲသို့ကူးထည့်ထားသည်ကို လာပြခြင်းဖြစ်ကြောင်း၊ CCTV မှတ်တမ်းသည် CCTV Device သီးသန့်ရှိသည့်အပြင် ယင်း Device ထဲတွင် Hard Disk ရှိခြင်းကြောင့် မူရင်း CCTV Device နှင့် Hard Disk လိုအပ်မည်ဟုယူဆကြောင်း အမှုသို့ လာရောက်ဝန်းရံသည့် အိုင်တီကျွမ်းကျင်သူ ကိုစိုးသီဟနောင်က သုံးသပ်ပြောကြားသည်။
သက်သေဖြစ် သူယူဆောင်လာသော System ပုံးထဲတွင်ပါလာသည့် မူရင်းမဟုတ်သည့်ဖိုင်သည် အမှုအားတစ်စုံတစ်ရာဖြစ်စေချင်၍ ထိမ်ချန်ထားခြင်းသည်ဟု ယူဆနိုင်သလားဟု မေးမြန်းမှုအပေါ် “အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုကူးလိုက်ပြီဆိုရင် ဒီဖိုင်တွေရဲ့ Creating Date တွေလည်း အကုန်လုံးလွဲသွားပြီ။ အဲဒီတော့ နောက်တစ်ခုကကျတော့ ကူးလိုက်ပြီဆိုရင် နောက်ထပ်ဖိုင် name ကအစ Change လို့ရသွားပြီ” ဟု ကိုစိုးသီဟနောင်က ပြောကြားသည်။
ဗစ်တိုးရီးယားအမှု၏ ခြောက်ကြိမ်မြောက်ရုံးချိန်းအား စက်တင်ဘာ ၁၁ ရက် သို့ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင် လိင်အကြမ်းဖက်ခံခဲ့ရသူ ကလေးငယ်အား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်