ကလေးသူငယ်များအခွင့်အရေးများ ဆိုင်ရာစာချုပ် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေး ကိစ္စအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့သော အထက်ပါကိစ္စအား နေပြည်တော်၌ သြဂုတ် ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်များ အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပင်မစာချုပ် ကိုးခုရှိတဲ့အနက်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် CRC ကို ၁၉၉၁ ခုနှစ်ကတည်းက အတည်ပြုဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီပင်မစာချုပ်ရဲ့နောက် ဆက်တွဲအခြေပြစာချုပ် သုံးခုရှိပါတယ်။ အဲဒီအနက်မှ ကလေးများအား ပြည့်တန်ဆာ အဖြစ်စေခိုင်းခြင်းနဲ့ ရောင်းချခြင်းအား တားမြစ်တဲ့ နောက်ဆက်တွဲအခြေပြစာချုပ်ကို ၂၀၁၂ ခုနှစ်မှာ အတည်ပြုပါဝင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုတင်ပြလိုတဲ့ ဒုတိယနောက် ဆက်တွဲအခြေပြစာချုပ်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနဲ့ဆိုင်တဲ့ နောက်ဆက်တွဲ အခြေပြစာချုပ်ကိုလည်း မြန်မာနိုင်ငံက ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ယင်းအခြေပြစာချုပ်ကို အတည်ပြုပါဝင်ထားတဲ့ နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ရှိသွားပါပြီ။ မြန်မာနိုင်ငံမှလွဲပြီး ကျန်အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားဟာ စာချုပ်ကို အတည်ပြုပါဝင်ကြပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
နောက်ဆက်တွဲစာချုပ်၏ အဓိက ဦးတည်ချက်ကတော့ လက်နက်ကိုင်ပဋိပက္ခများအတွင်းတွင် အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား တပ်သားအဖြစ်စုဆောင်းခြင်း၊ အသုံးပြုခြင်းမှ ကာကွယ်တားဆီးရန် ဖြစ်ခြင်းကြောင့် စာချုပ်သည် ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးတွင် အလွန်အရေးကြီးသော နိုင်ငံတကာ စာချုပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ စာချုပ်တွင် မြန်မာနိုင်ငံက အတည်ပြုပါဝင်ခြင်းအားဖြင့် နိုင်ငံသားများ၏ အခွင့်အရေး၊ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများကာလအတွင်း ကလေးသူငယ်များ၏ အခွင့်အရေးကို နိုင်ငံတကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံရေးကတိကဝတ်တစ်ရပ် ပြသရာရောက်မည်ဖြစ်သည့်အပြင် စာချုပ်ကို အတည်ပြုပါဝင်ခြင်းအားဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး အရွယ်မရောက်သေးသူများအား လက်နက်ကိုင်တပ်ဖွဲ့များတွင် အသုံးပြုသောစာရင်းမှ ပယ်ဖျက်ရန် ကြိုးစားရာတွင်လည်း အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲစာချုပ်ကို အတည်ပြုပါဝင်ခြင်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေကြသည့် အရွယ်မ ရောက်သေးသူ ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးနိုင်မည်ဖြစ်သည့်အပြင် ကလေးသူငယ်များ၏ အခွင့်အရေးကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ပိုမိုကာကွယ်ပေးရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ပိုမိုပြသနိုင်ရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို နှစ်စဉ်တင်သွင်းလျက်ရှိသော ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘော ထင်ဟပ်ဖော်ပြနိုင်ရေးအတွက်လည်း ကောင်းများစွာအထောက်အကူပြုစေနိုင်မည်ဖြစ်၍ အခြေပြစာချုပ်သို့ အတည်ပြုပါဝင်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြေပြစာချုပ်တွင် အတည်ပြုပါဝင်ပြီးပါက နှစ်နှစ်အတွင်း စာချုပ်တွင်ပါဝင်သော ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ဖော်ပြ၍ အစီရင်ခံစာတစ်စောင်ကို ကလေးသူငယ်များဆိုင်ရာ ကော်မတီကို တင်သွင်းကြရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ငါးနှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။
-
လက်ရှိတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မလိုအပ်သေးကြောင်းနှင့် ပြည်သူများသာမက နိုင်ငံရေးသမားများပင်လျှင် PR စနစ်ကို နားမလည်သေးကြောင်း မွန်ညီညွတ်ရေးပါတီ ပြောကြား
-
မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဥပဒေမူဘောင်အတွင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းကို အလျင်အမြန် ရှာကြံရေးအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံ ပြောကြား
-
မိန်းကလေးငယ်များအား Facebook, TikTok များမှတစ်ဆင့် တရုတ်မယား ပြုလုပ်ရန် စည်းရုံးပြီး လူကုန်ကူးမှု ဂိုဏ်းဖွဲ့ကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများအား မန္တလေးမြို့တွင် ဖမ်းဆီးရမိ
-
NMSP (AD) အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာရှိ ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံမှ စက်ရုံမှူး၊ မန်နေဂျာနှင့် တရုတ်နိုင်ငံသားပညာရှင်တစ်ဦးတို့ ပြန်လည်လွတ်မြောက်လာဟုဆို
-
ရွှေနိုင်ငံစာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်း၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အား ရုပ်သိမ်း