Top News

တမူးတွင် သတ်ဖြတ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားနှစ်ဦး၏ ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ အချင်းချင်းဆက်သွယ်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | November 3, 2024 12:12 PM CST

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် သတ်ဖြတ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားနှစ်ဦး၏ ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ အချင်းချင်းဆက်သွယ်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇူလိုင် ၅ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က တမူးမြို့တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးနေကြောင်း နယ်ခံများက သတင်းပို့ခဲ့ခြင်းကြောင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာတွင် အမျိုးသားနှစ်ဦးသည် ဦးခေါင်းသေနတ်ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အဲမှာ စွပ်စွဲချက်တွေတော့ လာတာပေါ့၊ ထုံးစံအတိုင်းပဲ အဲ့ဘက်မှာက တပ်ကပဲ ပစ်တယ်ထင်အောင်ပေါ့၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေဖို့အတွက် တပ်ကပဲ ပစ်ခဲ့သယောင် လုပ်ခဲ့တာ ရှိတယ်။ သို့သော် နှစ်နိုင်ငံ တပ်များအနေနဲ့ ဆက်သွယ်မှု၊ ဆက်ဆံမှု အမြဲတမ်းရှိတယ်။ အားလုံးလည်း သိပြီး ဖြစ်ပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတွက်ကြောင့် ပြသနာတွေတော့ ပြေလည်သွားပါပြီ။ အိန္ဒိယနိုင်ငံအနေနဲ့ ဒီဟာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာလည်း ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ အချင်းချင်းပေါ့၊ ဆက်သွယ်ပြီး မေးမြန်းနေတာလည်းရှိတယ်။ အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သတ်သွားတဲ့လူတွေပေါ့၊ သတ်သွားတဲ့ လူတွေနဲ့ပတ်သက်ပြီး  တရားဝင်စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အထက်ပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇူလိုင် ၆ ရက်တွင် အိန္ဒိယနိုင်ငံ မဏိပူရမြို့ရှိ မိုရေးနယ်စပ် ကုန်သွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဖုန်းနှင့်ဆက်သွယ်၍ သေဆုံးသူများသည် မိုရေးမြို့တွင် နေထိုင်သူများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဇူလိုင် ၅ ရက်တွင် မြန်မာ-အိန္ဒိယနယ်စပ်ပေါက်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သူများဖြစ်သည်ဆိုသော ပြောကြားချက်များအရ သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဲမှာလည်း ၅ ရက်နေ့က တမူးမြို့နယ် ကညနရုံးပေါ့။ ကုန်းလမ်းပို့ဆောင်မှုဦးစီးဌာနရုံးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတွေ ဝင်ရောက်ဖျက်စီးခဲ့တာ ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တာ ရှိပါတယ်။ အဲ့တာတော့ ကညနရုံးမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့တယ်။ အဲ့တာပြီးတော့ အဲ့အတိုင်ခင်မှာ ဒီနှစ်ယောက် အသတ်ခံရတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အိန္ဒိယဘက်အခြမ်းက ၅၀ ယောက်လောက် ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်။ အဲ့ဒီ နှစ်ဦး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တမူးဘက်က လက်ဘက်ရည်ဆိုင် တစ်ဆိုင်ကို ခဲနဲ့ပစ်ပေါက်ခဲ့တာတော့ ရှိပါတယ်။ သို့သော် မိုရေးနယ်စပ်ကုန်သွယ်ရေးအသင်းက တာဝန်ရှိသူတွေအနေနဲ့ရော၊ ဒီဟာကို နှစ်နိုင်ငံလုံခြုံရေးအဖွဲ့တွေအနေနဲ့ရော ဖြေရှင်းပေးလိုက်တဲ့အတွက် သူတို့ အေးအေးချမ်းချမ်းပဲ လူစုခွဲ ထွက်ခွာသွားခဲ့တာ ရှိတယ်’’ ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ မိုရေးတွင်ရှိနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ဘက်သို့ အကြောင်းကြားလာခြင်းများရှိသလို မြန်မာနိုင်ငံဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း မိုးရေးဘက်သို့ အကြောင်းကြားခဲ့ပြီး နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ပြသနာပြေလည်သွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တမူးမြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည်နှင့်အညီ ယခင်ကလည်း သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ရှိခဲ့သကဲ့သို့ တရားမဝင် လက်နက်ကိုင်အဖွဲ့များလည်း ရှိခဲ့ဖူးကြောင်း၊ ယခုနောက်ပိုင်း PDF အဖွဲ့များ ပေါ်ပေါက်လာချိန်တွင်လည်း တမူးမြို့ပြပြောက်ကျားအဖွဲ့၊ တမူး PDF အဖွဲ့ စသည်ဖြင့် PDF တပ်ရင်း (၃)ရင်းခန့်ရှိသည်ဟု ၎င်းအဖွဲ့များက ထုတ်ပြန်ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“တမူးမှာရှိနေတဲ့ တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေက အကြမ်းဖက် PDF အဖွဲ့တွေကို ထောက်ပံ့နေလို့ ကျွန်တော်တို့ သတင်းထုတ်ပြန်ခဲ့ရတဲ့ဟာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ဖမ်းဆီး မေးမြန်းခဲ့ရတဲ့ ဟာတွေလည်း ရှိတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၁ လပိုင်းလောက်က တမူးအကျဉ်းစခန်းကို တမူးက PDF တပ် ရင်းအမည်ခံ အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ လက်နက်တွေပါသွားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါ့အပြင် တချို့ စီးပွားရေးအရ သူတို့ ဆောင်ရွက်ကြလို့ မကျေလည်မှုတွေရှိလို့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိတယ်။ ဒီဟာတွေ ဖြစ်စဉ်မျိုးတွေလည်း ရှိပါတယ်။ ခုဟာကတော့ ကျွန်တော်တို့အနေနဲ့က ဒါ PDF အဖွဲ့တွေပေါ့၊ တမူးမှာရှိတဲ့ PDF အဖွဲ့တွေအနေနဲ့ လုပ်ကြံသတ်ဖြတ်သွားတယ်လို့ပဲ ကျွန်တော်တို့ ယူဆတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက် အိန္ဒိယနိုင်ငံအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများအနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်အခြေပြုခြင်း၊ အခြေချခြင်းများမရှိရန်၊ မြန်မာနိုင်ငံအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများအနေနှင့်လည်း အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်အခြေပြုခြင်း၊ အခြေချခြင်းများမရှိစေရန် အတွက် နှစ်နိုင်ငံ သဘောတူညီထားကြောင်းနှင့် တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးအား သတ်ဖြတ်သွားသူများအား ဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK