Top News

ပြင်ပပုဂ္ဂိုလ်တစ်ဦးက တပ်မတော်သို့လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားတစ်လုံးကို တပ်မတော်မှ နိုင်ငံတော်သို့ လွှဲပြောင်းလှူဒါန်း
24htopnews | November 3, 2024 12:12 PM CST

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားတစ်လုံး လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးဧည့်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ညှိကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

မကြာမီက နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသည့်လူငယ်တစ်ဦးက ၎င်းင်း၏မိဘဘိုးဘွားများလက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ကြောင်း၊ အဆိုပါပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိ ပတ္တမြားလှူဒါန်းမှုအား လက်ခံရရှိ ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းမှု လက်ခံရရှိခဲ့ကြောင်း၊ ယခုလှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားကြောင်း၊ ယခု ပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား (နစကပတ္တမြား) အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည် ဖြစ်ကြောင်း၊ အဆိုပါပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာ ကင်းစင်ကာ မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသောပတ္တမြားဖြစ်ကြောင်း၊ ထို့ကြောင့် လှူဒါန်းသည့်လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပတ္တမြားကြီးဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red with Purplish tint)ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။


READ NEXT
Cancel OK