မန္တလေးမြို့ရှိ ယူနိုက်တက်အမရဘဏ်အား သေနတ်ကိုင်ဆောင် ဓားပြတိုက်ခဲ့ပြီး သေကြောင်းကြံစည်ခဲ့သူ နေအိမ်မှ ပိုက်ဆံများနှင့် ကျူးလွန်စဉ်က အသုံးပြုခဲ့သော သေနတ်အပါအဝင် တခြားပစ္စည်းများ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့ရှိ ယူနိုက်တက်အမရဘဏ်အား သေနတ်ကိုင်ဆောင်ပြီး ဓားပြတိုက်ခဲ့သူမှာ မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် ရဲဇာနည် သတင်းစာမျက်နှာမှ ထုတ်ပြန်ခဲ့ပြီး နာရေးရှိနေသဖြင့် ယခုမှသာ ဇနီးဖြစ်သူအား စစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၂၂ ရက်ညနေ ၅ နာရီခန့်က ကျုးလွန်သူ၏ ဇနီးဖြစ်သူအား စစ်ဆေးခဲ့ရာ မီးဖိုခန်း ထမင်းချက်သည့် စင်အောက်ရှိ ကော်ဗူးအတွင်းမှ ဘောစေ့ထည့်ပစ်ရသော သေနတ် ၁ လက်၊ လက်ထိပ် ၁ ခု၊ ကျင်စက် (အသုံးပြု၍ရ)၊ သေနတ်တွင် ထည့်ပစ်ရသော ဂက်စ်ဗူးအသေး ၂ ခုတို့အား တွေ့ရှိခဲ့ကြောင်း၊ ပိုက်ဆံအိတ် အတွင်းမှ တစ်သောင်းကျပ် (၁၀၀) ရွက်ပါ အထုတ် (၁၉) ထုတ် (၁၉၀ သိန်းကျပ်)၊ တစ်သောင်းတန် (၉၀)ရွက်ပါ (၁)ထုတ် (၉ သိန်းကျပ်)၊ စုစုပေါင်း ၁၉၉ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းမှုခင်း အကူဌာနစု၊ ခရိုင်မှုခင်း နှိမ်နင်းရေးဌာနစိတ်နှင့် စက်မှုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သဲလွန်စတစ်ခုဖြစ်သော သိမ်းဆည်းရမိသည့် သက်သေခံ ယာဉ်ပေါ်ရှိ စာရွက်ပိုင်းလေးဖြင့် ရေးထားသော ဖုန်းနံပါတ်မှတဆင့် စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမှုအား ဉပဒေနှင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၃ လမ်းထောင့်ရှိ ယူနိုက်တက်အမရဘဏ်အား သေနတ်ကိုင်ဆောင်ထားသူ တစ်ဦးက ဝင်ရောက် ဓားပြတိုက်မှုတစ်ခု အောက်တိုဘာ ၁၅ ရက် ညနေ လေးနာရီခန့်က ဖြစ်ပွားခဲ့ရာ ငွေများကို ယူဆောင်ပြီး ပါလာသောကားဖြင့် ထွက်ပြေးခဲ့ကာ ကားကို မီးရှို့ဆက်လက် ထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ရာ မသင်္ကာသူကို စောင့်ကြည့်မှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် 4D-5422 Mark II အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံများအား ဓါတ်ဆီလောင်း မီးရှို့ထားပြီး ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ လမ်းတစ်ခုအပေါ်တွင် ယင်းနေ့ ညနေပိုင်းတွင် တွေ့ရှိရကြောင်း၊ ယာဉ်နှင့် ပတ်သက်၍ စိစစ်ခဲ့ရာ ၎င်းယာဉ်သည် လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း၊ ယာဉ်အတွင်း ရှာဖွေရာ လေသေနတ်တွင် ထည့်သွင်းအသုံးပြုသည့် ဘောစေ့များနှင့် ယာဉ်ဒက်ရှ်ဘုတ်ပေါ်၌ “ကားရွှေ့လိုလျှင် ၀၉၆၇၆၇၆၇၅၆၁” ဟု ရေးထားသည့် စာရွက်တစ်ရွက် တွေ့ရကြောင်း၊ ယင်းဖုန်းနံပါတ်ကို စိစစ်ရာ ဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊ မှတ်ပုံတင်အမှတ် ၅/ရဘန(နိုင်) ၁၇၈၀၁၁၊ ရွှေဘိုမြို့နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ယင်းမှတ်ပုံတင် ကိုင်ဆောင်သူသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက မန္တလေးမြို့သို့ ပြောင်းရွှေ့ နေထိုင်သည်ကို စုံစမ်းရရှိကြောင်း၊ မှတ်ပုံတင်နံပါတ်ကို အခြေခံ၍ ဆက်လက်စုံစမ်းခဲ့ရာ အောင်ကျော်ထွန်းသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်ကြောင်း အတည်ပြုရရှိ၍ ၎င်း၏ နေအိမ်သို့ အောက်တိုဘာလ ၁၆ ရက်နေ့ညတွင် စောင့်ကြည့်စိစစ်ရာ ထူးခြားလှုပ်ရှားမှု တစ်စုံတစ်ရာ မရှိကြောင်း၊ သို့ဖြစ်၍ နံနက်လင်းချိန်တွင် အိမ်အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ယာဉ်ပေါ်တွင် တွေ့ရသော ဖုန်းနံပါတ် ၀၉၆၇၆၇၆၇၅၆၁ မှာ အောင်ကျော်ထွန်း၏ ဖုန်းနံပါတ်မှန်ကန်ကြောင်းနှင့် ယာဉ်မှာလည်း ၎င်းတို့ ဝယ်ယူထားသည့် ယာဉ်မှန်ကန်ကြောင်းကို အတည်ပြုစိစစ် ရရှိခဲ့ကြောင်း၊ အောင်ကျော်ထွန်းသည် အဆိုပါယာဉ်ကို စက်တင်ဘာလ အတွင်းက Online မှ တစ်ဆင့် အောင်ပြည့်ဖြိုးသူ (ခ) ကောင်းခန့်ကျော်နှင့် ချိတ်ဆက်၍ ဝယ်ယူခဲ့သည်ကို ၎င်း၏ ဖုန်းမှတ်တမ်းများအရ စိစစ်တွေ့ရှိရပြီး ဘောစေ့နှင့်ပစ်သည့် သေနတ်ကိုလည်း Online မှ တစ်ဆင့် ချိတ်ဆက်ဝယ်ယူ ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အောင်ကျော်ထွန်းအား ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းနေစဉ် နံနက် ၇ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ဗဟိုမီးသတ်ခြံဝင်း၏ အပြင်ဘက်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ လက်ကောက်ဝတ်တွင် သွေးကြောအား ဓါးဖြင့် အနည်းငယ်လှီးထားသည့် ဒဏ်ရာနှင့် သေဆုံးသူအနီး၌ ၅၉ယ/၅၂၆၉၈ နံပါတ်ပါ ဆိုင်ကယ်ကိုတွေ့ရပြီး ဆိုင်ကယ် Toolbox အတွင်းမှ အောင်ကျော်ထွန်း အမည်ပါ မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု ဇယားမိတ္တူတို့ကို တွေ့ရှိရသဖြင့် သေဆုံးသူမှာ အမှုဖြင့် စုံစမ်းလျက်ရှိသည့် အောင်ကျော်ထွန်း ဖြစ်သည်ကို အတည်ပြုရရှိခဲ့ကြောင်း၊ ထို့ပြင် ဆိုင်ကယ်အနီး၌ တွေ့ရသည့် စာအုပ်ကြားထဲ၌ ဘရိတ်ဓါးငယ်တစ်ခု၊ လုယက်မှုနှင့် ပတ်သက်၍ သွေးနှင့် ရေးထားသည့် စာကိုလည်း တွေ့ရကြောင်း၊ အမှုခိုင်မာစေရေးအတွတ် ၎င်းထံ ယာဉ်ရောင်းချခဲ့သည့် အောင်ပြည့်ဖြိုးသူ (ခ) ကောင်းခန့်ကျော်အား စိစစ်ခဲ့ရာ အဆိုပါယာဉ်ကို Online မှ တစ်ဆင့်ချိတ်ဆက်၍ အောင်ကျော်ထွန်းထံ ၁၈ သိန်းဖြင့် ရောင်းချခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယာဉ်လာဝယ်သည့်နေ့က အောင်ကျော်ထွန်းနှင့်အတူ ၎င်း၏ ဇနီးဖြစ်သူပါ ဆိုင်ကယ်ဖြင့် လာဝယ်သွားခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်ထွန်း၏ ဇနီးအား ယာဉ်လာဝယ်စဉ်က ပါလာသူ ဟုတ်/မဟုတ် တရားသူကြီး တစ်ဦး၏ရှေ့၌ အတည်ပြုဆောင်ရွက်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ သို့ဖြစ်၍ စုံစမ်းတွေ့ရှိချက်များအရ UAB ဘဏ်အား လုယက်မှု ကျူးလွန်သူမှာ အောင်ကျော်ထွန်း ဖြစ်သည်ကို တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းများ၊ Online ဆက်သွယ်မှု မှတ်တမ်းများ၊ ဆက်စပ်ဖော်ထုတ်ချက်များအရ အတည်ပြု ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်