ဘီလာရုစ်အစိုးရအနေဖြင့် ပိုလန်နှင့်နယ်စပ်တွင် စုဝေးရောက်ရှိနေသည့် ရွှေ့ပြောင်းအခြေချများကို နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု သမ္မတအလက်ဇန်းဒါး လူကာရှန်ကိုက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုမှုသည် ဘီလာရုစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ရေး ဆွေးနွေးမည့် ဥရောပသမဂ္ဂ (အီးယူ) ၏ အစည်းအဝေးမတိုင်မီ အဆိုပါအကျပ်အတည်းနှင့် ပတ်သက်ပြီး တင်းမာနေမှုကို ဖြေရှင်းရန် လုပ်ဆောင်လာပုံရသည်။
ထောင်နှင့်ချီသည့် ရွှေ့ပြောင်းအခြေချများသည် ဘီလာရုစ်နယ်စပ်မှ အီးယူအဖွဲ့ဝင် ဖြစ်သည့် ပိုလန်နိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက်ရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် ယင်းသို့နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများကို ပိုလန်နယ်ခြားစောင့်တပ်က ငြင်းပယ်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ဆိုဗီယက်လက်အောက်ခံ နိုင်ငံဟောင်းဖြစ်သည့် ဘီလာရုစ်သည် ရွှေ့ပြောင်းအခြေချများကို စည်းရုံးသိမ်းသွင်းကာ ၎င်းတို့ကို အီးယူနယ်နိမိတ်ထဲသို့ တွန်းပို့နေပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တုံ့ပြန်နေသည်ဟု အီးယူကစွပ်စွဲထားသည်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော အီးယူအဖွဲ့ကြီး၏ နိုင်ငံခြားရေးဝန်ကြီးများသည် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းနှင့်ပတ်သက်ပြီး ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ရန် ပြင်ဆင်လျက်ရှိသည်။
ဘီလာရုစ်အနေဖြင့် နယ်စပ်၌ ဖြစ်ပွားနေသော အခြေအနေများကို ပဋိပက္ခတစ်ခု အသွင်ရောက်ရှိသွားမည်ကို မလိုလားကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသမှ အများစုဖြစ်သည့် ထောင်နှင့်ချီသော ရွှေ့ပြောင်းအခြေချများကို နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း သမ္မတလူကာရှန်ကိုက အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။
“အဲဒီဒေသက ရွှေ့ပြောင်းအခြေချတွေကို နေရပ်ပြန်ကြဖို့ တိုက်တွန်းပြောဆိုတာတွေ လုပ်ဆောင်နေပါပြီ။ ဒါပေမဲ့ ဘယ်သူကမှ အိမ်ပြန်ဖို့ ဆန္ဒမရှိကြပါဘူး” ဟု ၎င်းကပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန တစ်ခုဖြစ်သည့် Belta က ကိုးကားဖော်ပြခဲ့သည်။
“သူတို့က အိမ်ပြန်ဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာသူတို့အတွက် နေစရာမရှိသလို သူတို့ကလေးတွေကိုကျွေးဖို့ ဘာမှမရှိဘူးဆိုတာကို သိထားကြလို့ပါပဲ” ဟုလည်း ၎င်းကပြောသည်။
ပိုလန်နိုင်ငံဘက်က လူသားချင်းစာနာ ထောက်ထားမှု လမ်းကြောင်းကို ဖွင့်မပေးပါက ရွှေ့ပြောင်းအခြေချများကို နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် Belavia ဖြင့် ဂျာမနီသို့ ပို့ဆောင်ပေးရန် ဂျာမနီအစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံသွားဖွယ်ရှိသည်ဟုလည်း အသက် ၆၇ နှစ်အရွယ် လူကာရှန်ကိုက ပြောကြားသည်။ ယမန်နှစ် သမ္မတရွေးကောက်ပွဲအပြီးတွင် အတိုက်အခံများကို ဖြိုခွင်းမှုနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းရန် Ryanair လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို အတင်းအကျပ် ဆင်းသက်စေခဲ့ပြီးနောက်တွင် ဘီလာရုစ်သည် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်