Top News

မန္တလေးမြို့မှ လူကုန်ကူးဂိုဏ်းအဖွဲ့ကိုဖမ်းမိ
24htopnews | November 2, 2024 1:13 PM CST

မန္တလေးမြို့တွင်အခြေပြုကာ မြန်မာမိန်းကလေးငယ်များကို တရုတ်မယားအဖြစ်ပို့ဆောင်နေသည့် လူကုန်ကူးဂိုဏ်းအဖွဲ့ဝင်(၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီး (၂)ဦးထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားချက်အရ သိရသည်။

မန္တလေးလေဆိပ်တွင် အောက်တိုဘာ ၂၄ ရက်နံနက် ၇ နာရီခွဲက အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှတပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်(၃)ဦးတို့ကိုစစ်ဆေးရာမှ အမျိုးသမီးငယ်(၃)ဦးသည် Facebook, TikTok တို့တွင်ဆက်သွယ်၍ တရုတ်မယားပြုလုပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ၎င်းတို့ကဲ့သို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ်(၁၁)ဦးကို ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ ဒီ လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားရှိ နေအိမ်တစ်လုံးအတွင်း၌ ထိန်းချုပ်ထားသဖြင့် စီစစ်မှုများပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ကယ်တင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးဂိုဏ်းအဖွဲ့မှ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားကိုဖမ်းဆီးစစ်ဆေးရာ wechat group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ တစ်ဆင့် ခံလူပွဲစား မမေထက်နိုင်ဦး(ခ)မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့်ချိတ်ဆက်ကာ မြန်မာမိန်းကလေးငယ်များကို တရုတ်မယားအဖြစ်ပြုလုပ်ရန် တရုတ်နိုင်ငံသို့ပို့ဆောင်ပေးနေခြင်းဖ့စ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

လက်ရှိဖြစ်စဉ်တွင်လည်း မြန်မာမိန်းကလေးငယ်များနှင့်လက်ထပ်မည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့်အတူ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့လာရောက်သည့် ၎င်း၏မိခင် LI MANFEN တို့အား မြန်မာနိုင်ငံသို့လာရောက်ရန်အတွက်စီစဉ်ပေးခဲ့ခြင်း၊ တရုတ်မယားပြုလုပ်ရန် ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်နေခြင်းတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ဖြစ်စဉ်မှ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား၊ ချစ်ထူး၊ မဖြိုးဖြိုးဝေ၊ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN နှင့်ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် မမေထက်နိုင်ဦး(ခ)မထက်၊ မဇင်သူခိုင်တို့အား လေ ဆိပ်နယ်မြေရဲစခန်းက (ပ) ၂၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ၊ (ပ) ၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှလည်း (ပ) ၂၆၀/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ၊ (ပ) ၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ တို့ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


READ NEXT
Cancel OK