Top News

COVID-19 ရောဂါထိန်းချုပ်ရန်အတွက် တာမွေမြို့နယ်ရှိ စျေးသည်များ မြို့နယ်အတွင်း ယာဉ်၊ လှည်းများဖြင့် လှည့်လည်စျေးရောင်းချမည်ဆိုလျှင် စာရင်းပေးသွင်းနိုင်ဟုဆို
24htopnews | November 2, 2024 1:12 PM CST

COVID-19 ရောဂါထိန်းချုပ်ရန်အတွက် တာမွေမြို့နယ်ရှိ စျေးသည်များ မြို့နယ်အတွင်း ယာဉ်၊ လှည်းများဖြင့် လှည့်လည် စျေးရောင်းချမည်ဆိုလျှင် မြို့နယ်စည်ပင်ဌာနသို့ စာရင်းပေးသွင်းနိုင်ကြောင်း ဧပြီ ၂၂ ရက်တွင် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာမွွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် လူစုပြုံတိုးဝယ်မှု လျော့ပါးစေရန် သား/ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်၊ ကျန်းမာရေး အကာအကွယ်သုံး ပစ္စည်းများနှင့် ဆေးဝါးများကို ယာဉ်၊ လှည်းများဖြင့် လှည့်လည်ရောင်းချလိုသူများအနေဖြင့် တာမွွေမြို့နယ် စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။

“စျေးကို လူတွေလာဝယ်တဲ့နေရာမှာ နေ့စဉ်လာဝယ်သလို ဖြစ်နေတယ်။ ရက်ခြား လာဝယ်တယ်ဆိုရင် စျေးထဲမှာက လူနည်း နည်းရှင်းဦးမယ်။ အခုကျတော့ စျေးထဲမှာ လူတွေက စုပြုံသလိုဖြစ်နေတယ်။ ဒီဟာကို ကျွန်တော်တို့က ခွဲမယ်ဆိုရင် ကျွန်တော်တို့ လုပ်ရမယ့် နည်းလမ်းက နှစ်နည်းရှိတယ်။ ဒီရောင်းနေတဲ့ စျေးသည်တွေကို ကျွန်တော်တို့ကနေပြန်ပြီး တစ်ဆိုင်ခြားစီ၊ တစ်ယောက်ကို တစ်ရက်စီရောင်းခိုင်းတဲ့ပုံစံရှိသလို တချို့ပြည်သူတွေကလည်း စိုးရိမ်လို့ အိမ်ပေါ်ကနေပြီး မဆင်းတဲ့လူတွေရှိတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ကနေပြီးတော့ ကားတွေ၊ ယာဉ်တွေ၊ လှည်းတွေနဲ့လိုက်ပြီး လှည့်လည် ရောင်းချမယ်ဆိုရင် စျေးထဲလည်း မသွားတော့ဘူး။ စျေးထဲမှာလည်း ပိုပြီးတော့ ချောင်သွားမယ်လို့ ကျွန်တော်တို့ ယူဆတယ်လေ။ အဲဒါကြောင့်မို့လို့ အဲဒီအတွက် စာရင်းပေးသွင်းလို့ရတယ်” ဟု တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောကြားသည်။

COVID-19 ရောဂါကာလတွင် စည်ပင်သာယာ၌ ဝန်ထမ်းအင်အားအနည်းငယ် လျှော့ထားသောကြောင့် စည်းကမ်းထိန်းသိမ်းရာတွင် အဆင်မပြေကြောင်း၊ စျေးသည်များကလည်း စည်းကမ်းလိုက်နာခြင်းမရှိဘဲ ဆိုင်များကိုနောက်ဆုတ်ပြီး ရောင်းရမည့်အစား ရှေ့တိုးရောင်းခြင်း၊ Mask တပ်ဆင်မှု မရှိခြင်း၊ လက်အိတ်စွတ်ရမည့်နေရာတွင် မစွတ်ခြင်း စသဖြင့်စျေးသည်များ ပုံစံပြန်မဲ့နေကြောင်း ဦးအောင်မျိုးလင်းက ဆက်လက်ပြောကြားသည်။

ယခုလို ရောဂါဖြစ်ပွားနေသည့် အချိန်မျိုးတွင် စျေးသည်များကို ဖျက်သိမ်းခြင်းများ လုပ်မည်မဟုတ်ကြောင်း၊ အချို့နေရာများတွင် အချိန်ကန့်သတ်ရောင်းချခြင်းများ လုပ်ဆောင်သော်လည်း တာမွေမြို့နယ်တွင် လုပ်ဆောင်မည်မဟုတ်ကြောင်း မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောကြားသည်။

“ ဘာလို့မလုပ်လဲဆိုတော့ လာဝယ်တဲ့ လူအုပ်ကို အချိန်ကိုကျွန်တော်တို့က ချုံ့လိုက်ရင် အဲဒီနေရာမှာ ပိုပြီးတော့ စုပြုံပြီး တိုးကုန်မှာလေ။ ဟုတ်တယ်မဟုတ်လား။ ကျွန်တော်တို့က အချိန်ကို ဒီအတိုင်းပဲ ထားလိုက်တဲ့အခါကျတော့ ည ၆ နာရီအထိပဲ စျေးထုံးစံအရ ထားလိုက်တဲ့အခါကျတော့ သူတို့ဘာသာ စျေးရှင်းတဲ့အချိန်မှာ ဆင်းဝယ်ရင် အဆင်ပြေတယ်လေ။ နို့မို့ဆို စျေးအချိန်ကို ကန့်သတ်လိုက်ရင် ဝယ်မယ့်လူက ပြုံတိုးသွားရင် အဲဒီတော့မှ ရောဂါကပိုးဆိုးသွားမှာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလနီးကပ်နေပြီဖြစ်၍ အစားအသောက်၊ မုန့်မျိုးစုံများ ရောင်းချရာတွင် လူစုပြုံတိုးဝယ်မှုမရှိစေရန်အတွက် ၎င်းတို့ကိုလည်း လှည့်လည်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးလင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ စျေးသည်များ မြို့နယ်အတွင်း လှည့်လည်စျေးရောင်းချမည်ဆိုလျှင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK