Top News

တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ COVID-19  ကာလအတွင်း ထောက်ပံ့မှုများ လုံးဝမရရှိသဖြင့် လှူဒါန်းပေးစေလိုဟု ဆို
24htopnews | November 2, 2024 1:12 PM CST

တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ COVID-19 ကာလအတွင်း အုပ်ချုပ်ထောက်ပံ့မှုများ လုံးဝမရရှိသဖြင့် ပြည်သူများ လှူဒါန်းပေးစေလိုဟု တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ခွဲမှူး ဦးမြင့်ဆွေက ပြောကြားသည်။

တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ရင်းသည် COVID-19ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် မတ် ၂၉ ရက်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တောင်ကြီး-ဟိုပုံးသွားလမ်း ကိုးမိုင်ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ရှစ်ဦး၊ တောင်ကြီးမြို့တွင်းရှိ ဆန်ဂိုထောင်၊ ညောင်ရွှေဟော်ကုန်း နှင့် မြို့မရပ်ကွက်တို့တွင် Lockdown ပြုလုပ်သည့် နေရာများတွင်လည်း တာဝန်ခွဲဝေ၍ လုံခြုံရေး ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တပ်ဖွဲ့ထံသို့ အုပ်ချုပ်ထောက်ပံ့မှုများ မရှိသေးသဖြင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များမှာ ဝတ်စုံမှ အစ၊ မိမိစားရိတ်ဖြင့်သာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေရခြင်းဖြစ်ပြီး လစာလည်း မရရှိသည့်အပြင် ကျန်းမာရေးကုန်ကျစရိတ်များ ရှိလာသဖြင့် တပ်ဖွဲ့ဝင်များ၏ မိသားစုစားဝတ်နေရေးများ ခက်ခဲလာကြောင်း သိရသည်။

“ တောင်ကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ မှန်သမျှ မိသားစုရှိတယ်။ သူတို့မှာ ဒီလိုစွန့်စွန့်စားစား တာဝန်ထမ်းဆောင်နေတာ အုပ်ချုပ်ထောက်ပံ့မှု မရှိခဲ့ဘူး။ အုပ်ချုပ်ထောက်ပံ့လေးတွေကိုလည်း တပ်ဖွဲ့နာမည်ခံပြီးတော့ အလှူငွေတွေ ရှိတယ်။ ဘယ်သူမဆိုပေါ့လေ။ ကောက်ထားတာတွေ ရှိပေမယ့် ဒီနေ့အထိ Mask တစ်ခု မရောက်သေးဘူး။ ဒီအုပ်ချုပ် ထောက်ပံ့တာတွေလည်း လိုချင်ပါတယ်။ ပြောလိုက်ရင်လည်း ပေးမယ်ပေးမယ်ပဲ။ ခုထိ မရောက်လာသေးတာကို ပြည်သူလူထုသိအောင် ပြောချင်တယ်။ နောက်တစ်ခါ လှူလိုက်ရင်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့လို့ နာမည်ခံတော့ သူတို့ဆီပဲရောက်တာ။ ဦးလေးတို့ဆီကို ဘာတစ်ခုမှ Mask တစ်ခု၊ လက်ဆေးရည်တစ်ခု မရောက်ခဲ့ဖူးဘူး။ လှူမယ်တန်းမယ်ဆိုလည်း လာလှူစေချင်ပါတယ်။ ရဲဘော်လေးတွေလည်း အသက်အန္တရာယ်နဲ့ ရင်းပြီးလုပ်နေတာ” ဟု တောင်ကြီးမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ခွဲမှူး ဦးမြင့်ဆွေက ပြောကြားသည်။

“အရန်မီးသတ်တပ်ဖွဲ့တွေကို လောလောဆယ် မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတော့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ က ဝန်ထမ်းဆိုတော့ သီးခြား မပံ့ပိုးနိုင်ဘူးပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း အလုပ်များနေလို့ သူတို့က စေတနာ့ဝန်ထမ်းဗျ။ စားဝတ်နေရေးကိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ တတ်နိုင်သလောက် စုဆောင်းထားတာလေးတွေထဲက လုပ်ပေးပါမယ်လို့ ပြောပါတယ်။ အရန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသေးတယ်။ မနက်ဖန်လောက်တော့ အဆင်ပြေမှာပါ။ စေတနာ့ဝန်ထမ်းတွေအတွက် စုဆောင်းထားတာတွေ ရှိပါတယ်” ဟု တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက ပြောကြားသည်။

 


READ NEXT
Cancel OK