Top News

Pfizer ၊ BioNTech ၊ Moderna တို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရောင်းချမှုမှ ကုမ္ပဏီသုံးခုပေါင်း တစ်စက္ကန့်ကို ဒေါ်လာ ၁,၀၀၀ မြတ်နေဟု PVA ထုတ်ပြန်
24htopnews | November 2, 2024 6:12 AM CST

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသည် အများအားဖြင့် ကာကွယ်ဆေးထိုးနှံရခြင်း မရှိသေးသော်လည်း Pfizer ၊ BioNTech ၊ Moderna တို့သည် ၎င်းတို့၏ အလွန်အောင်မြင်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများမှ မိနစ်တိုင်းတွင် ကုမ္ပဏီသုံးခုပေါင်းအမြတ် အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ရရှိနေကြသည်ဟု လေ့လာချက်အသစ်တစ်ခုအရ သိရသည်။

အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ ကာကွယ်ဆေးအများစုကို ချမ်းသာသောနိုင်ငံများသို့ ရောင်းချခဲ့ရာ ဝင်ငွေနိမ့်ကျသော နိုင်ငံများကို အခက်အခဲတွေ့စေသည်ဟု ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးအတွက် လှုံ့ဆော်နေသောအဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ဆေးမဟာမိတ် People’s Vaccine Alliance (PVA) က ပြောကြားခဲ့သည်။ ၎င်းအဖွဲ့သည် ကာကွယ်ဆေး ကုမ္ပဏီများက ထုတ်ပြန်သောဝင်ငွေကို အခြေခံကာ ယင်းကုမ္ပဏီသုံးခုပေါင်း၏ အမြတ်ငွေများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီသုံးခုသည် ယခုနှစ်တွင် ၎င်းတို့အချင်းချင်း အခွန်မဆောင်မီ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၄ ဘီလျံ ရရှိခဲ့လိမ့်မည်ဟု PVA က ခန့်မှန်းထားရာ ထိုအမြတ်ငွေပမာဏသည် တစ်စက္ကန့်တွင်ဒေါ်လာ ၁,၀၀၀၊ တစ်မိနစ်တွင် ဒေါ်လာ ၆၅,၀၀၀ သို့မဟုတ် တစ်ရက်တွင် ဒေါ်လာ ၉၃.၅ သန်း ဖြစ်သည်ဟု ဆိုသည်။

“ကုုမ္ပဏီနည်းနည်းက တစ်နာရီတိိုင်း အမြတ်သန်းချီးရနေပြီး ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံတွေက ပြည်သူနှစ်ရာခိုင်နှုန်းလောက်ပဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်ထိုးထားကြရတာဟာ ညစ်ပတ်တာ ဖြစ်ပါတယ်” ဟု အာဖရိကမဟာမိတ်နှင့် ပြည်သူ့ကာကွယ်ဆေး မဟာမိတ်အာဖရိကမှ မာဇာဆေယွမ်က ပြောကြားခဲ့သည်။

“Pfizer ၊ BioNTech ၊ Moderna တို့ဟာ အချမ်းသာဆုံးနိုင်ငံတွေကို အမြတ်အများဆုံးရမယ့် ကန်ထရိုက်တွေဦးစားပေးဖို့ သူတို့ရဲ့ လက်ဝါးကြီးအုပ်ထားမှုကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေနည်းတဲ့ နိုင်ငံတွေကို အခက်အခဲ တွေ့စေခဲ့ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

Pfizer နှင့် BioNTech တို့သည် ၎င်းတို့စုစုပေါင်းတင်ပို့မှု၏ တစ်ရာခိုင်နှုန်း မပြည့်သော ပမာဏကို ဝင်ငွေနိမ့်ကျသောနိုင်ငံများသို့ တင်ပို့ပေးခဲ့ပြီး Moderna က ၀.၂ ရာခိုင်နှုန်းသာ တင်ပို့ပေးခဲ့သည်ဟု PVA က ဆိုသည်။           

လတ်တလောတွင် ဝင်ငွေနိမ့်နိုင်ငံများရှိ ပြည်သူ ၉၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံခြင်းမပြုရသေးပေ။

အဆိုပါကုမ္ပဏီသုံးခု၏ လုပ်ဆောင်ချက်များသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို အကျိုးအမြတ်အခြေခံခြင်းမရှိဘဲ ထောက်ပံ့ပေးခဲ့သည့် AstraZeneca ၊ Johnson & Johnson တို့နှင့် ဆန့်ကျင်နေသည်။ သို့ရာတွင် ကပ်ရောဂါ အရှိန်ကျဆင်းသွားသည့်အခါ အမြတ်မယူဘဲတင်ပို့ပေးသည့် အချက်ကို နောင်တွင်အဆုံးသတ်သွားမည်ဟု ယင်းကုမ္ပဏီနှစ်ခုစလုံးက ကြေညာခဲ့သည်။

ပြည်သူ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈ ဘီလျံကို လက်ခံရရှိခဲ့ကြသော်လည်း Pfizer ၊ BioNTech ၊ Moderna တို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတဆင့် ဝင်ငွေနိမ့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ် နိုင်ငံများသို့ ကာကွယ်ဆေးနည်းပညာ လွှဲပြောင်းပေးရန် တောင်းဆိုမှုများအား ငြင်းဆန်ခဲ့ကြသည်။                           


READ NEXT
Cancel OK