မြန်မာနိုင်ငံ အလယ်ပိုင်းဒေသထွက် ဖရဲ ၊ သခွားများအား မူဆယ်၁၀၅မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် သစ်သီးဝလံစျေးကွက်တွင် အရောင်းအဝယ်ဖြစ်ပြီး တရုတ်နိုင်ငံ ဝမ်တိန် သစ်သီးကွင်းသို့ ရောက်ရှိနေသည့် ဖရဲ၊ သခွားများသည် စျေးကွက်မရှိဘဲ တန်ချိန် တစ်သောင်းဝန်းကျင်ခန့်ထိ စုပြုံနေပြီဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်နိုင်ငံအတွင်းတွင် တစ်မြို့နှင့် တစ်မြို့ ကူးသန်းသွားလာမှုမရှိသောကြောင့် ဝမ်တိန်သစ်သီးကွင်းအတွင်း ရောက်ရှိနေသော မြန်မာဘက်မှ ရောင်းချထားသည့် ဖရဲ၊ သခွားများ စျေးကွက်မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
“ဖရဲ၊သခွားစျေးကွက်ကတော့ အရောင်းအဝယ်ကို မဖြစ်ဘူး။ အသီးတွေ အရမ်းလှရင်တော့ တစ်စီးကို တစ်သောင်းခွဲလောက်ရတယ်။ ဂျပ်ဖာသီးကတော့ လုံးဝရောင်းလို့ မရဘူး။ အစေ့မဲ့ပေါ့။ အခုတစ်သောင်းခွဲ လောက်ရနေတဲ့ အသီးတွေက အရင်ပုံမှန် စျေးဆို ယွမ်ငါးသောင်း၊ခြောက်သောင်း လောက်ထိရတာပေါ့။ ဝမ်တိန်သစ်သီးကွင်း မှာလဲ ခြောက်ကပ်နေတာပဲ။သစ်သီးတွေက လည်း ဒီအတိုင်း ပုံထားရတယ်။ ဝယ်လက် တွေ မရှိဘူး။ ကုန်သည်တွေက ပိုပြီးတော့ အထိနာတာပေါ့။ ဝမ်တိန် သစ်သီးကွင်းမှာ ရောက်သွားတဲ့ သစ်သီးတွေက တချို့ မြန်မာ ကုန်သည်တွေရဲ့ အသီးတွေလည်းပါတယ်။တချို့တရုတ်ကုန်သည်တွေရဲ့ အသီးတွေ လည်းပါတယ်။အခုက မြန်မာသစ်သီး ကွင်း ထဲမှာ တချို့မရောင်းရတော့ ဝမ်တိန်သစ်သီး ကွင်းထဲထိ သစ်သီးတွေချပြီး ရောင်းလို့ရမယ့် အချိန်ကို စောင့်နေကြတဲ့ သစ်သီးတွေလည်း ပါတယ်” ဟု မူဆယ်၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးဇုန်ရှိ ခွာညိုသစ်သီးပွဲရုံမှ စိုင်းဟာပစ်က ပြောကြားသည်။
တရုတ်နှစ်သစ်ကူး ပြီးဆုံးချိန်ကာလ များတွင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ် ရေးဇုန်တွင် တစ်ရက်လျှင် ပုံမှန်အားဖြင့် သစ်သီး ကားစီးရေ ငါးရာကျော်ခန့် ပုံမှန် အရောင်း အဝယ် ဖြစ်ရမည်ဖြစ်သော်လည်း တရုတ်နိုင်ငံအတွင်း ဖြစ်ပွားနေသော ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သစ်သီးအရောင်းအဝယ်စျေးကွက်တွင် ဝယ်လက်မရှိသလောက် ဖြစ်နေသည်။
“အရင်က ဖရဲကားတစ်စီး ယွမ် ရှစ်သောင်းလောက်ရတဲ့ဟာ အခု ယွမ်တစ်သောင်းနဲ့ရောင်းနေရ တယ်။ ဒါတောင် ဝယ်လက်ကမရှိဘူး။တချို့လည်း မူဆယ် သစ်သီး စျေးကွက်ထဲမှာ အရောင်းအဝယ်မဖြစ်တော့ ဝမ်တိန်ကွင်းထိဆင်းပြီး ရောင်းရမယ့် အချိန် စောင့်တယ်။ ဝမ်တိန်ကွင်းထဲက အသီးတွေ ကလည်း အလွန်ဆုံး အထားခံနိုင်ရင် ၁၀ ရက်လောက်ပဲ။ဒါတောင် တစ်ဝက်လောက် က ပယ်သီးတွေဖြစ်မယ်။ တန်တစ်ရာထားရင် တန် ငါးဆယ်လောက်ပဲရမယ်။ ကျန်တာ စွန့်ပစ်သီးတွေပဲဖြစ်မယ်။ ၁ဝရက်လောက်မှ တရုတ်ပြည်ထဲ ကူးလူးဖြတ်သန်းမှုတွေ မရသေးဘူးဆိုရင်တော့ ဝမ်တိန်မှာ စောင့်နေတဲ့ အသီးတွေကတော့ အားလုံး ဆုံးရှုံးရမယ့် သဘောပေါ့” ဟု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် သစ်သီးဝလံစျေးကွက်ရှိ သစ်သီး ကုန်သည်တစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံစျေးကွက်အတွင်းသို့ သစ် သီး တင်ယာဉ် ဖရဲ ငါးစီး ၊သခွား ၂၁ စီး၊ ဖရုံ သုံးစီး ဝင်ရောက်လာခဲ့ပြီး ဖရဲ သုံးစီး ၊သခွား ၁၇ စီး ၊ ဖရုံ သုံး စီး စုစုပေါင်း ၂၃ စီး အရောင်း အဝယ်ဖြစ်ခဲ့ပြီး စျေးကွက်ပိတ်ချိန်တွင် ခြောက်စီးကျန်ခဲ့ကြောင်း သိရသည်။
“အရင်တုန်းကတော့ဒီအချိန်ဆို သစ်သီးကား တစ်ရက် တစ်ရက် စီးရေ ထောင်ချီ နီး ပါးဝင်တဲ့ အချိန်ပေါ့။တရုတ်နှစ်သစ်ကူးပြီးရင် ဖရဲလှိုင်လှိုင်ပေါ်တဲ့အချိန်ပဲလေ။အခု တော့ တရုတ်က ဝယ်လက်တွေက မလာနိုင်တဲ့ အခြေအနေဆိုတော့ တစ်ရက်ကို စီးရေ နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ လာတော့ တယ်။ ဒါတောင် အကုန်ရောင်းမကုန်ဘူး။ တချို့အသီးတွေဆိုရင် မူဆယ်မြို့ထဲမှာ အခမဲ့ ဝေနေတာတွေတောင်ရှိတယ်” ဟု မူဆယ် မြို့ သစ်သီးဝလံကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။
မူဆယ်မြို့ သစ်သီးဝလံ စျေးကွက် အတွင်း ရောင်းမကုန်သော ပုံမှန်အားဖြင့် တန်ဖိုးမြင့် ဂျပ်ဖာသီးများအား ပြည်တွင်းသို့ ပြန်လည်သယ်ဆောင် ရောင်းချခြင်း မပြုတော့ဘဲ မူဆယ်မြို့ လူစည်ကားရာနေရာ များ၊ မြန်မာ-တရုတ်နယ်စပ်ဂိတ်ပေါက်များ တွင် အချို့သစ်သီးပွဲရုံများက ဖရဲသီးများ အခမဲ့ ပေးဝေလျက်ရှိနေကြောင်း သိရသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်