Top News

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်နေသူ၏အခြေအနေ သက်သာကောင်းမွန်ပြီဖြစ်သော်လည်း ၎င်းနေထိုင်ရာ ကွမ်ကျိုးမြို့သည် ရောဂါဖြစ်ပွားနေသော ဟူပေပြည်နယ်နှင့်နီးကပ်နေ၍ ရောဂါကူးစက်မှုမရှိစေရေး သီးခြားထားရှိကုသခြင်းဖြစ်ဟုဆို
24htopnews | November 2, 2024 12:12 AM CST

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်နေသော လူနာ၏အခြေအနေ သက်သာ ကောင်းမွန်နေပြီဖြစ်သော်လည်း ၎င်းနေထိုင်ရာ ကွမ်ကျိုးမြို့သည် ရောဂါဖြစ်ပွား နေသော ဟူပေပြည်နယ်နှင့်နီးကပ်နေ၍ မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်မှုမရှိစေရေး သီးခြားထားရှိကုသခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရ သည်။

“လူနာရဲ့ လက်ရှိအခြေအနေက သက်သာနေပါပြီ။ Isolation room (သီးခြားခန်း) မှာထားပြီး စောင့်ကြပ်ကုသနေပါတယ်။ ဒီ လူနာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ 2019 –nCoV Infection ရောဂါသံသယ ဒါမှမဟုတ် အတည်ပြုလူနာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီပေမဲ့ ဖျားတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတဲ့ လက္ခဏာတွေရှိနေပြီး သူနေထိုင်တဲ့ ကွမ်ကျိုး မြို့က ဟူနန်ပြည်နယ်ကဖြစ်တယ်။ အဲဒီဒေသက ရောဂါကူးစက်ဖြစ်ပွားနေတဲ့ ဟူပေ ပြည်နယ်နဲ့ နီးကပ်နေတဲ့အတွက် ရောဂါ စောင့်ကြပ်ကြည့်ရှုဖို့နဲ့ မြန်မာနိုင်ငံအတွင်းကို ရောဂါမဝင်လာစေဖို့ လူနာကို သီးခြားထားရှိ ကုသတာဖြစ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ  ၃၁ ရက် နံနက် ၁၀ နာရီခွဲ၌ ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 ၊ လေယာဉ်အမျိုး အစား A-319 ၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် လေယာဉ်အမှုထမ်း ခုနစ်ဦး၊ ခရီးသည် မြန်မာနိုင်ငံသားနှစ်ဦး၊ နိုင်ငံခြားသား ၇၇ ဦး (အမေရိကန်နိုင်ငံသား နှစ်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ ကိုလံ ဘီယာနိုင်ငံသား တစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦး) ပေါင်း ၇၉ ဦးအနက် ခရီးသည်တစ်ဦး တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည်ဟု သံသယလူနာပါရှိ လာကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပေါ်တွင် တရုတ်နိုင် ငံသား အသက် ၅၆ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ကိုယ်အပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်းလက္ခဏာများ ရှိနေ ကြောင်း တွေ့ရှိရပြီး ယင်းခရီးသည် ကွမ်ကျိုး မြို့တွင် နေထိုင်သူဖြစ်ရာ ကွမ်ကျိုးမြို့မှ မြန် မာနိုင်ငံသို့ လေကြောင်းခရီးစဉ်အမှတ်  CZ 3055 ၊ လေယာဉ်အမျိုးအစား A-319 ၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါ လာခြင်းဖြစ်ကြောင်းနှင့် တရုတ်နိုင် ငံ ဝူဟန် မြို့သို့ ခရီးသွားရောက်ခဲ့ခြင်းမရှိဘဲ  2019 –nCoV Infection ဖြစ်ပွားသည်ဟု အတည်ပြုသောလူနာ သို့မဟုတ် သံသယလူနာဖြင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်မရှိကြောင်း လည်းသိရသည်။

ဇန်နဝါရီ  ၃၁ ရက်က ယင်းလူနာကို သီးခြားထားရှိကုသပေးနိုင်ရန် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့သို့ သတ်မှတ်ထား သော လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက လို အပ်သော ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လေယာဉ်ဖြင့် လိုက်ပါလာသူ မြန်မာနိုင်ငံသား အမျိုးသားနှစ်ဦးတွင် 2019 – nCoV Infection ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများ တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ကူးစက်ခံရပါက စောစီးစွာသိရှိပြီး ကုသမှုပေးခြင်းဖြင့် အခြားသူများသို့ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ၎င်းတို့ကို ဝေဘာဂီအထူးကုဆေးရုံ၌ပင် ရောဂါစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ၏ သွေးနှင့် နှာခေါင်းတို့ပတ်နမူနာကို ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြု ထိုင်းနိုင်ငံရှိ ရည်ညွှန်းဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးရန် ပြင်ဆင်နေပြီး ခရီးစဉ်တွင် အတူပါလာသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဝေဘာဂီအထူးကု ဆေးရုံတွင် နှစ်ပတ်စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK