Top News

ဖားကန့်ဒေသ တောင်ပြိုမှော်တွင် မြေပြိုကျမှု ဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေ
24htopnews | November 1, 2024 9:13 PM CST

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက် တောင်ပြိုမှော် အနီးတွင် ဧပြီလ ၂၀ မနက် ၅ နာရီကျော်က အမြင့်ပေ ၃၀၀ ခန့်မှ ပေ ၁၀၀ ခန့်အကျယ် မြေပြိုကျမှုဖြစ်ပွားရာ အမျိုးသားနှစ်ဦး အလောင်းကို တူးဖော်ရရှိထားပြီး ကျန်အမျိုးသား သုံးဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

လုပ်ကွက်ရပ်နားထားသည့် ကမ်းပါး (ဒိုင်ကျန်) မှာ အခြားတစ်ဖက် လုပ်ကွက်အတွင်း မြေစာဖို့ရာမှ ဖိအားကြောင့် ပြိုကျရသည့် အနေအထားဖြစ်ကြောင်း တောင်ပြိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ဆိုသည်။

တူးဖော်ရရှိထားသည့် အမျိုးသားနှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးလှကိုမင်း မကွေးတိုင်း၊ စကုမြို့၊ ပေါင်ရွာနှင့် ကျန်တစ်ဦးမှာ အသက် ၂၅ အရွယ်ရှိ မောင်မျိုးကိုမှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာက ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ သုံးဦးမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကျွန်းတော်ရပ်ကွက်ရှိ အသက် ၂၇ အရွယ် မောင်ဇင်ကိုဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၊ တံငါရွာမှ အသက် ၅၂ နှစ်အရွယ် ဦးဝင်းကြိုင်၊ ကချင်ပြည်နယ်၊ တနိုင်းမြို့မှ အသက် ၄၂ နှစ်အရွယ် ဦးလွန်းခေါင်တို ဖြစ်ကြောင်း သိရသည်။

တောင်ပြိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက “ပြိုတာက ပေ ၁၅၀ အကျယ်ဆိုတော့ ရေမဆေးတွေ ထိသွားတာပေါ့။ လုပ်ကွက်ဟောင်းနေရာပါ။ လုပ်ကွက်အစပ် ဒိုင်ကျန်နေရာ ပြိုတာ။ တစ်ဖက်ကလည်း မြေစာပုံနေတော့ ဖိအားဒဏ်မခံနိုင်ဘူး။ ရပ်ကွက်တွေကို အသံချဲစက်နဲ့ ရေမဆေး ပျောက်ဆုံးသူရှာတော့ သုံးဦးစာရင်းပေးတယ်။ နှစ်ဦးတော့ရပြီ။ ရှာဖွေရေးကို ညနေ ၆ နာရီမှာ ရပ်လိုက်ပြီ။ မနက်ထပ်ရှာမယ်။ ဒဏ်ရာရသူကတော့ မြေစာထဲ မြောသွားသူပဲ ရှိတယ်။ ဒဏ်ရာကြီးကြီးမားမား မရှိဘူး။ မိုးကျစက မြေသားပွတော့ အန္တရာယ်ကို သတိထားစေချင်တယ်” ဟု ပြောကြားသည်။

 ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ဒိုင်ကျန်မြေ (ကုမ္ပဏီလုပ်ကွက် စပ်ကြားတွင် ကျန်နေသည့် မြေသားမှန်နေရာ) ပြိုကျမှုကြောင့် ယူနတီကုမ္ပဏီမှ ဘက်ဟိုးမောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်အတွင်း ဖားကန့်ဒေသတွင် မြေပြိုကျမှု ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၃ ဦးသေဆုံးခဲ့ကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်း စသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေပြီး မြေပြိုမှုကြောင့် အပတ်တိုင်းတွင် လူသေဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီမှာ မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ၊ ယင်းမြေသား ပြိုကျမှုများကြောင့် အောက်ခြေရေအိုင်မှ လှိုင်းလုံးကြီးများကြောင့် ရေအိုင်ကမ်းပါးတွင် ကျောက်ရှာနေသူများအား ရေအားဖြင့် ဆွချမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

 

 


READ NEXT
Cancel OK