COVID-19 ကြောင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများကို စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းအားလုံး အပေါ်တွင် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၀ ကို ထုတ်ပြန်ခြင်းဖြစ်သည်။
ပြည်သူ့ကျန်းမာရေး တိုးတက်မြင့်မားမှုကို အထောက်အကူပြုရေး၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းများကို စျေးနှုန်းသက်သာစွာ ဖြင့် ဝယ်ယူရရှိနိုင်ရေး၊ ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများ အားပေးမြှင့်တင် နိုင်ရေးအတွက် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ၂၅.၂.၁၉၉၃ ရက်စွဲပါ အမိန့်အမှတ် ၅/၉၃ ဖြင့် ဆေးဝါးပစ္စည်း ၃၆ မျိုးနှင့် ယင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂.၇.၁၉၉၈ ရက်စွဲပါ အမိန့်အမှတ် ၁၀/၉၈ ဖြင့် ဆေးဝါးပစ္စည်း ၃၁ မျိုးနှင့် ယင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုကြောင်း အမိန့်များ ထုတ်ပြန်ခဲ့သည်။
ယခုအခါ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်းသက်သာ စေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်း အားလုံးအပေါ် ယခုအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၂၅.၂. ၁၉၉၃ ရက်စွဲပါ အမိန့်အမှတ် ၅/၉၃ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂.၇.၁၉၉၈ ရက်စွဲပါ အမိန့်အမှတ် ၁၀/၉၈ တို့ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် အဓိကလိုအပ်သည့် Surgical Mask၊ PPE၊ လူနာခုတင်၊ ဆေးရုံသုံး အသက်ရှူစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများကို သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုဘဲ တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်ပစ္စည်းများ ပြည်ပမှ မှာယူတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူ လျင်မြန်ချောမွေ့ စေရေးအတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်ပစ္စည်းစာရင်း (Negative List) ကို ၂၀၁၉ ခုနှစ် မေ ၂၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ Negative List တွင် ပါဝင်ခြင်းမရှိပါက သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုဘဲ တင်သွင်းခွင့် ပြုထားပြီးဖြစ်သည်။
COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့်ဆေးများနှင့် ဆေးပစ္စည်းများ လုံလောက်မှုမရှိ ဖြစ်နေကြောင်းနှင့် ပြည်ပမှ တင်သွင်းရာတွင် အခက်အခဲများ တွေ့ရှိရကြောင်း သိရသည်။
ကျန်ရှိသော ဆေးဝါးများ၊ ဆေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သွင်းကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိပြီး သွင်းကုန်လိုင်စင် လိုအပ်သော ဆေးပစ္စည်းများ လျင်မြန်စွာ တင်သွင်းနိုင်ရေး Fully Online စနစ်ဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက် ပေးလျက်ရှိသည်။
COVID-19 ဖြစ်ပေါ်နေချိန်တွင် ရုံးဌာနအတွင်း လူစုလူဝေးများ လျော့ကျစေရန် ဆေးပစ္စည်းအုပ်စု၊ ပြည်ပမှ တင်သွင်းနေသည့် စားသောက်ကုန်များ၊ စားသုံးဆီ၊ စက်သုံးဆီ စသည့်ကုန်စည်များအတွက် လိုင်စင်လျှောက်ထားမှုကို ဧပြီ ၁ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ