တနင်္သာရီတိုင်းဒေသကြီးသို့ လာရောက်မည့်သူများအနေဖြင့် Quarantine စခန်းများတွင် ၂၁ ရက် Home Quarantine ၇ ရက် စုစုပေါင်း Quarantine ၂၈ ရက် နေထိုင်ရမည်ဖြစ်ပြီး စားသောက်စရိတ်များကို မိမိဘာသာ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးကိစ္စ သွားလာသူများမှလွဲ၍ တိုင်းအတွင်းသို့ ဝင်ရောက်လာသူများ အားလုံး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ တနင်္သာရီတိုင်းသို့ လာရောက်မည့်သူများ Quarantine စခန်းများတွင် ၂၈ ရက် နေထိုင်ရမည်ဖြစ်ပြီး စားသောက်စရိတ်များကို မိမိဘာသာ ကျခံရမည် ဖြစ်ကြောင်း သိရပြီး စခန်းများ၌ ၂၁ ရက်တိတိ နေထိုင်ရမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဧပြီ ၁၄ ရက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော်လည်း တရားဝင် စာထုတ်ပြန်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားသောကြောင့် ယင်းသို့ ကြန့်ကြာသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“စာက ပြည်ထောင်စုကို တင်ထားတာပေါ့။ ပြည်ထောင်စုကို တင်ထားရတဲ့အတွက် အားလုံးကို ဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ထုတ်ပြန်လိုက်တဲ့ အနေအထားပါ။ ဒီကြားထဲမှာ ကြန့်ကြာမှုလေးတွေ ဖြစ်သွားတဲ့ အနေအထားကို ပြောလည်းပြောထားပြီးပါပြီ။ လက်ရှိအခြေအနေအရ ပြည်ထောင်စုက စာတော့ရောက်ပါပြီ။ ဝန်ကြီးချုပ်ကလည်း လက်မှတ်ထိုးပြီးတော့ ထုတ်ထားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်က တာဝန်ယူ တာဝန်ခံမှုနဲ့ ထုတ်ထားပါတယ်။ ခရိုင်တွေ အားလုံးကိုလည်း ဝန်ကြီးချုပ် လက်မှတ်ထိုးပြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် အမိန့်ကိုလည်း မနေ့ကတည်းက ပို့ထားပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။
ထိုသို့ ထုတ်ပြန်ရာ၌ ချွင်းချက်အဖြစ် တိုင်းဒေသကြီး အတွင်းသို့ တင်ဒါလုပ်ငန်းကိစ္စ၊ စီးပွားရေးလုပ်ငန်းကိစ္စ၊ အစိုးရ တာဝန်ဖြင့် လာရောက်သူများ အနေဖြင့် သက်ဆိုင်ရာ ဟိုတယ် (သို့မဟုတ်) ရုံးဌာနများတွင် အလုပ်ကိစ္စမှလွဲ၍ မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိဘဲ နေထိုင်လုပ်ကိုင်ရမည်ဖြစ်ပြီး လာရောက်မှုနှင့် ပြန်လည်ထွက်ခွာမှုကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ မဖြစ်မနေ တိတိကျကျ သတင်းပေးပို့ ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လာရောက်သူများမှာ တိုင်းဒေသကြီးအတွင်း ရက်တိုအနေဖြင့် တစ်ရက်မှ အများဆုံးငါးရက် နေထိုင်မည့်သူများ အကျုံးဝင်မည်ဖြစ်ပြီး ဒေသတွင်း အလုပ်ကိစ္စဖြင့် သွားလာရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအတိုင်း အကာအကွယ်များ ဝတ်ဆင်ကာ တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။
စားသောက်စရိတ်များကို မိမိဘာသာ ကုန်ကျခံစေခြင်းမှာ လက်ရှိဖြစ်ပေါ်နေသော ကူးစက်ရောဂါ အရေးကိစ္စမှာ မည်သည့်အချိန်ထိ ကြာမြင့်မည်ကို မသိနိုင်သောကြောင့် Quarantine ဝင်ရမည့် လူဦးရေ မည်မျှအထိ ရောက်ရှိလာမည်ကို မပြောနိုင်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်မင်းက ပြောကြားသည်။
“ရေရှည်တွေးရမှာလေ။ အခုဟာက ဘယ်လောက် အတိုင်းအတာထိ သွားမယ်ဆိုတာ မပြောနိုင်ဘူး။ ဒုတိယ တစ်ချက်ကတော့ လူဦးရေ ဘယ်လောက်အထိ ရောက်ရှိလာမယ်ဆိုတာ မပြောနိုင်ဘူး။ မပြောနိုင်တဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကလည်း ဒါကြီးကို ဆက်လက်ထိန်းထားနိုင်ဖို့ အတွက်လည်း မလွယ်ဘူး။ အလှူရှင်တွေ အနေနဲ့လည်း ဘယ်လောက်အတိုင်းအတာထိ လှူပေးနိုင်မယ်ဆိုတာ မပြောနိုင်ဘူး။ ဆိုတော့ လတ်တလော အခြေအနေအရ အကောင်းဆုံး အခြေအနေ ရွေးချယ်မှုက Quarantine ဝင်တဲ့သူက မိမိရဲ့ ကိုယ့်စာရိတ်နဲ့ကိုယ်ပဲ စားသောက်စားရိတ်ခံဖို့ပေါ့” ဟု ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။
တိုင်းဒေသကြီး အစိုးရအနေဖြင့် ဒေသအတွင်းရှိ မြို့နယ် ၁၀ ခုရှိ Facility Quarantine စခန်းများကို ဒုတိယအကြိမ်အဖြစ် တစ်မြိုနယ်လျှင် ကျပ်သိန်း ၁၀၀ စီ ထပ်မံထောက်ပ့ံပေးရန် စီစဉ်နေကြောင်း၊ ယင်းသို့ ထောက်ပ့ံငွေများမှာ Quarantine စခန်းများတွင် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန် အတွက်သာ လုံလောက်နိုင်ပြီး စားသောက်ရေးအတွက်ကိုမူ ရပ်ကွက်ကျေးရွာများမှ စီစဉ်မှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြစ်ဖြင့်စေ Quarantine ဝင်သူများက မိမိဘာသာစီစဉ်၍ ဖြစ်စေ လုပ်ဆောင်ကြရန် ဖြစ်ကြောင်း ဦးကျော်မင်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ရပ်ကွက်ကျေးရွာများတွင် လုပ်ဆောင်ထားသည့် Quarantine စခန်းများ၌ အခြားတိုင်းနှင့် ပြည်နယ်များမှ ဝင်ရောက်လာသူများအပြင် ပြည်ပမှ ဝင်ရောက်လာသူများပါ Quarantine ၂၁ ရက်နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ