Top News

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာများတွင် ငါးဖမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ငါးဖမ်းသမားများကို တိုက်တွန်း
24htopnews | November 1, 2024 8:12 PM CST

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်များတွင် ငါးဖမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က နိုင်ငံအတွင်းရှိ ငါးဖမ်းသမားများကို စက်တင်ဘာ ၂၇ ရက်က တိုက်တွန်းခဲ့ပြီး ထိုနေရာများတွင် တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့များရှိနေသည့်တိုင် ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

ဖိလစ်ပိုင်သင်္ဘောများကို ထိုရေပြင်များတွင် အမြဲတမ်းတာဝန်ချထားရန် မဖြစ်နိုင်သောလည်း နိုင်ငံ၏ အထူးစီးပွားရေးဇုန်(EEZ)အတွင်း ငါးဖမ်းသမားများ၏ အခွင့်အရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဖိ လစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဂျေးတာရီလာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေရှိတတ်တဲ့ စကာဘိုရော့ကျွန်းနဲ့ အခြားနေရာတွေမှာ ကင်းလှည့်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပါ”ဟု တာရီလာက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က စကာဘိုရော့ ကျွန်းဆီသို့ဝင်ခွင့်ကိုတားမြစ်ထားသည့် တရုတ်ကချထားသော မီတာ ၃၀၀ အရှည်ရှိ ရေပေါ်အတားအဆီးတစ်ခုကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့များက ဖြတ်တောက်ခဲ့သည်။

ထိုကျွန်းအနီးတွင် တရုတ်၏ ကမ်းခြေစောင့်တပ်ဖွဲ့သဘောင်္ာများနှင့် ကြီးမားသည့် ငါးဖမ်းသင်္ဘောများနှင့်အတူ ဆယ်စုနှစ်တစ်စုကြာ ထိန်းချုပ်ထားမှုကို တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ထိုရေပေါ် အတားအဆီးကို ဖိလစ်ပိုင်က ဖြတ်တောက်မှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်အနေနှင့် ပြဿနာဖြစ်လာအောင်ဆွပေးခြင်းမပြုရန် စက်တင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံက သတိပေးခဲ့သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ် တီအိုဒိုရိုကမူ တရုတ်၏ရေပေါ်အတားအဆီးကို ဖိလစ်ပိုင်က ဖြတ်တောက်မှုသည် ရန်စခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့က သူတို့ရဲ့လုပ်ရပ်ကို တုံ့ပြန်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ငါးဖမ်းသမားတွေကို ပိတ်ပင်ဖို့ သူတို့က အရင်စလုပ်ခဲ့တာပါ”ဟု ၎င်းက စက်တင်ဘာ ၂၇ ရက် တွင်ပြောကြားခဲ့သည်။

စကာဘိုရော့ကျွန်းကို ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်အကြားသံတမန်ရေးရာ တင်းမာမှုများဖြစ်ပွားခဲ့သည်။

ငါးဖမ်းသမားများ အဓိကသွားရောက်လေ့ရှိသည့် ထိုကျွန်းသည် ဖိလစ်ပိုင်နှင့် ကီလိုမီတာ ၂၀၀ အကွာတွင်ရှိပြီး တရုတ်ပြည်မကြီးနှင့် ၎င်း၏ တောင်ပိုင်းဟိုင်နန်ကျွန်းတို့ နှင့် ကီလိုမီတာ ၂၅၀ ကွာဝေးသည်။

“စကာဘိုရော့ကျွန်းက ဖိလစ်ပိုင်နဲ့ ပိုနီးပါတယ်။ သူတို့က ကျွန်တော်တို့ကို ဘာလို့များ အဲဒီကျွန်းကို ဝင်ခွင့် ပိတ်ပင်နေရတာလဲ”ဟု ဖိလစ်ပိုင်ငါးဖမ်းသမားတစ်ဦးဖြစ်သည့် ပက်ပီတိုဖာဘရော့စ်က ပြောကြားခဲ့သည်။

နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ဒသမ ၄ ထရီလျံရှိသည်ဟု ခန့်မှန်းရသည့် ပင်လယ်ကူးသင်္ဘောများ မောင်းနှင်သည့် လမ်းကြောင်းများအနီးတွင်ရှိသည့် စကာဘိုရော့ကျွန်းသည် တရုတ်အတွက် မဟာဗျူဟာ မြောက် အရေးကြီးသည့်ကျွန်းဖြစ်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်မြေအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းကြေညာထားသဖြင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။

Ref: Reuters


READ NEXT
Cancel OK