Top News

မြောင်းမြတွင် ကျန်းမာရေးစစ်ဆေးချက် ခံယူထားခြင်းမရှိဘဲ မြို့တွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သော ကုန်ကားယာဉ်မောင်း တစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်
24htopnews | November 1, 2024 5:12 PM CST

မြောင်းမြမြို့တွင် ရန်ကုန်တိုင်းဒေသကြီးမှ မြောင်းမြမြို့သို့ ကုန်စိမ်းများ လာရောက် ပို့ဆောင်သည့် ယာဉ်မောင်းတစ်ဦးမှာ ကျန်းမာရေးစစ်ဆေးချက် ခံယူထားခြင်းမရှိဘဲ မြို့တွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်းကြောင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဒီဇင်ဘာ ၅ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကိုဇာနည်လင်း အသက် (၃၆ နှစ်) မှာ ရန်ကုန်မြို့မှ မြောင်းမြမြို့သို့ Poter 2 အမျိုးအစား မော်တော်ယာဉ်ဖြင့် ကုန်စိမ်းများ တင်ဆောင်ကာ လာပို့ခဲ့ရာတွင် လမ်းခရီးတစ်လျှောက်၌ ကျန်းမာရေးစစ်ဆေးမှုများ ခံယူလာခြင်း မရှိသောကြောင့် မြောင်းမြမြို့ ၅ မိုင် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အား ရပ်တန့်စေကာ မြို့တွင်းသို့ ကုန်များ သွားရောက်ပို့ဆောင်နိုင်ရေးအတွက် ယာဉ်မောင်း ပြောင်းလဲ၍ သွားရောက် ပို့ဆောင်စေခဲ့ကြောင်း၊ ကိုဇာနည်လင်းကိုမူ ၅ မိုင် စစ်ဆေးရေးဂိတ်တွင်သာ နေထိုင်စေခဲ့ပြီး မြောင်းမြမြို့နေ ယာဉ်မောင်း ဦးဝင်းအောင် အသက် (၄၉ နှစ်) ဖြစ်သူကို ပြောင်းလဲမောင်းနှင်စေ၍ မြို့အတွင်းသို့ ဝင်ရောက် ပို့ဆောင်စေခဲ့ကြောင်း၊ သို့သော် ကိုဇာနည်လင်းမှာ ၅ မိုင်စစ်ဆေးရေးဂိတ်တွင် ကျန်ရှိခဲ့ခြင်းမရှိဘဲ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် မြောင်းမြမြို့အတွင်းသို့ လိုက်ပါ ဝင်ရောက်ကာ မြို့အဝင် စစ်ဆေးရေးဂိတ်အကျော်တွင် ၎င်းမောင်းနှင်လာသည့် ယာဉ်အား ဆက်လက် မောင်းနှင်ခဲ့သောကြောင့် မြို့နယ်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်သည်ဟုဆိုကာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကိုယ်စား မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှုဖွင့် တိုင်ကြားခံခဲ့ရသည့် ယာဉ်မောင်း ကိုဇာနည်လင်းကမူ “ကျွန်တော်က တစ်နေ့ကို တစ်သောင်းနဲ့ မောင်းတယ်။ ကုန်စိမ်းကုန်သည်တွေပေါ့။ ကျွန်တော် ဒီရောက်တော့ အမှန်တော့ ပန်တိုင်မှာစစ်မလို့ ပန်တိုင်က ပိတ်သွားပြီ။ ၂ နာရီထိုးလို့ ပိတ်သွားပြီ၊ အဲဒါနဲ့ မြောင်းမြမှာ စစ်လို့ရလားလို့ မေးတော့ စစ်လို့ရတယ်ဆိုလို့ ကျွန်တော်က တက်လာတယ်။ အိမ်မဲမှာ ရောက်တော့လည်း ကျွန်တော်က ထပ်မေးတယ်။ ဒီမှာဆေးစစ်လို့ရလား ကျွန်တော်က မေးတော့ ဒီမှာတော့ စစ်လို့ မရဘူး မြောင်းမြမှာ စစ်လို့ရတယ် ဆိုတော့ ကျွန်တော် ဒီကို အမီမောင်းလာတယ်။ ဒီရောက်တော့ ကျွန်တော် ၅ မိုင်ထိပ်မှာ ရပ်လိုက်တယ် ရပ်လိုက်ပြီး ကျွန်တော်လုပ်လာတဲ့ ထောက်ခံစာတွေ ပြတယ် ပြပြီးတော့ ဆေးစစ်လို့ရလား ဆိုတော့ ဆေးက စစ်လို့ မရတော့ဘူး တဲ့ ကုန်ချိန်းချင်ရင် ဒီမှာပဲချိန်းဆိုတော့ ကျွန်တော်က ကုန်သည်တွေကို ဖုန်းဆက်တယ်။ အဲဒီမှာ ပုဆိုးနဲ့ စစ်အင်္ကျီအရောင်နဲ့ တစ်ယောက် ကျွန်တော့်ကို လာပြောတယ်။ မြို့ထဲဆိုရင် တစ်သောင်းခွဲ ဒီဂိတ်နားဆိုရင် တစ်သောင်းတဲ့ လူချင်းချိန်းပြီးတော့ မောင်းသွားပေးမယ်တဲ့ အဲ့ဒါဆိုရင် ခဏနေဦး ကျွန်တော် က ပိုက်ဆံမပါဘူးပြောပြီး ကုန်သည်တွေကို ဖုန်းဆက်တယ်၊ ကုန်သည်တွေ ရောက်လာတော့ ကျွန်တော့် ထောက်ခံစာတွေယူတယ်။ ယာဉ်မောင်းချိန်းတယ်။ ပထမတော့ ကျွန်တော်က အဲဒီမှာပဲနေခဲ့မလို့ အဲဒီနားက ထမင်းဆိုင်မှာပဲ ထမင်းစားပြီးတော့ နေခဲ့မလို့၊ ပြီးတော့ လာတဲ့ ယာဉ်မောင်းတစ်ယောက်က မူးနေတယ်၊ မူးနေတော့ ကျွန်တော့်ကားလည်း ကျွန်တော် စိတ်မချဘူး။ ပြဿနာ ဖြစ်လာလို့ရှိရင် ကျွန်တော်က အုံနာနဲ့ တိုက်ရိုက် ပြန်ရှင်းရမှာ ကျွန်တော်လည်း မရှိတဲ့သူမို့ အဲဒါကြောင့်မို့ ကျွန်တော်လည်း လိုက်လို့ရလား မေးတော့ ရတယ်ဆိုလို့ ကျွန်တော်က လိုက်လာတာ ဝင်လို့မရဘူး ဆိုရင်တော့ မဝင်ဘူးလေ။ ဒီရောက်တော့ ကျွန်တော် ကုန်ချနေတုန်း ကျွန်တော်က ကားနားမှာပဲနေတာပေါ့။ အုပ်ချုပ်ရေးမှူးဆိုတဲ့ အစ်ကိုတို့ ရောက်လာတယ်။ ယာဉ်မောင်းဘယ်သူလဲ ဆိုတော့ ကျွန်တော်လို့ဆိုလို့ စစ်ဆေးပြီးတော့ ဘယ်မှမသွားနဲ့လို့ ပြောပြီး ညက ကျွန်တော်တို့ကို Quarantine မှာ ထားတယ်”ဟု ပြောကြားသည်။

ကုန်တင်ယာဉ်များ မြောင်းမြမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ၅ မိုင် စစ်ဆေးရေးဂိတ်တွင် အဂတိလိုက်စားမှုများ ရှိနေသည်ဟု မြို့ခံလူထုများက ဝေဖန်မှုများ ထွက်ပေါ်နေသောကြောင့် တရားစွဲဆိုရသည့်အကြောင်းနှင့် ပတ်သက်၍ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီထံ ဆက်သွယ်ရာတွင် ဖုန်းပိတ်ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်အတွင်းသို့ သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ကာ ဝင်ရောက်ခဲ့သူ ယာဉ်မောင် ကိုဇာနည်လင်းအား မြောင်းမြမြို့မရဲစခန်းမှ (ပ) ၉၄၂/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ  ၃၀ (က) ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။


READ NEXT
Cancel OK