ရန်ကုန်တိုင်းဒေသကြီးရှိ အိပ်ချ်အိုင်ဗွီ လူနာများ ART ဆေး ပြတ်လပ်မှု မရှိစေရန် ခြောက်လစာ ကြိုထုတ်ပေးနေပြီး လက်ရှိ ဆေးသောက်သုံးနေရသော လူနာ ရာခိုင်နှုန်း ၇၀ ကို ဆေးထုတ်ပေးပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အိပ်ချ်အိုင်ဗွီ လူနာများအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ART ဆေးကုဌာနပေါင်း ၅၇ ခုရှိပြီး ဆေးသောက်သုံးနေသူ ၆၀၀၀၀ နီးပါးရှိရာ ဆေးဝါးပြတ်လပ်မှု မရှိစေရေး ဆောင်ရွက်ပေးလျက် ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ ၂၄၀၀၀၀ ကျော်အနက် ၈၂ ရာခိုင်နှုန်းကျော်ကို Lifelong ART ဆေးပေး ကုသနေပြီး မြို့နယ်ပေါင်း ၂၇၀ ကျော်တွင် ဆေးကုဌာနပေါင်း ၃၆၀ ကျော်အထိ တိုးချဲ့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူပေါင်း ၂၄၀၀၀၀ ကျော်အနက် ၂၀၁၆ ခုနှစ်အစတွင် လူနာ ၁၀၆၀၀၀ ကျော်ကိုသာ အေအာတီဆေး Lifelong ART ဆေးပေးကုသမှု ပေးနိုင်ခဲ့ရာမှ ယခုနှစ် စက်တင်ဘာတွင် ခန့်မှန်း အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူအားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့် ကုသပေးနိုင်ခဲ့ကြောင်း၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြို့နယ် ၂၇၃ ခုတွင် အေအာတီဆေးကုသရေးဌာန ၃၆၂ ခုအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီဆေးကုသမှု လုပ်ငန်းများအား ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မိခင်မှ ကလေးသို့ အိပ်ချ်အိုင်ဗွီကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်းကို ယခုနှစ်တွင် ၃၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး ၉၉ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုရရှိနေပြီ ဖြစ်ကြောင်း ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု ၉၉၀၀ ကျော်ရှိခဲ့ပြီး အဆိုပါ ကူးစက်မှုများသည် ၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း HIV ပိုး ကူးစက်ခံနေရသူ ဦးရေ ၂၄၀၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ သုည ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း (AIDS Epidemic Model) ဖြင့် ခန့်မှန်းတွက်ချက် သိရှိရပါကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီးလိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူများ၊ အကျဉ်းကျသူနေသူများနှင့် ရွှေ့ပြောင်းလုပ်သားများစသည့် HIV ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စုများတွင် အဖြစ်များနေပြီး ဝန်ကြီးဌာန၏ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့် အဆိုပါ ဦးတည်အုပ်စုများကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် COVID-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်အရ သိရသည်။
တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကျပ်အတည်း ရောက်ရှိနေစဉ် နှစ်စဉ် လူ ၁ ဒသမ ၇ သန်းခန့်သည် HIV ပိုး ကူးစက်ခံနေရ၍ မေ့လျော့မသွားရန် ဒီဇင်ဘာ ၁ ရက် World AIDS Day နေ့ အထိမ်းအမှတ်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။
တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကျပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်ပေါင်း ၄၀ နီးပါး ကျွနု်ပ်တို့နှင့် အတူရှိနေဆဲဖြစ်သော HIV ပိုးကြောင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါကိုလည်း မေ့လျော့မသွားရန် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့က သတိပေးနေပါကြောင်း၊ HIV ပိုး ကူးစက်ခံရခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို ကိုင်တွယ်ထိန်းချုပ်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရှိနေသော်လည်း ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁ ဒသမ ၇ သန်းခန့်သည် HIV ပိုး ဆက်လက် ကူးစက်ခံနေရပြီး ထိုရောဂါပိုးကြောင့် သေဆုံးသူ ၆၉၀၀၀၀ ခန့်ရှိကြောင်း၊ COVID-19 ကပ်ရောဂါသည် ကမ္ဘာပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရာတွင် မညီမျှခြင်းများ တည်ရှိနေသည်ကို ပိုမိုသတိထားလာမိစေပြီး လူသားအားလုံး၏ လုံခြုံမှုသည် လူသားတစ်ဦး တစ်ယောက်ချင်းစီ၏ လုံခြုံမှုအပေါ် မူတည်နေကြောင်း၊ HIV ပိုး ကြောင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှု ကပ်ရောဂါကို တုံ့ပြန်သည့် နည်းဗျူဟာများကို COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင်လည်း ပြန်လည်အသုံးချရန် လိုအပ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ၎င်းခုခံအားကျဆင်းမှု ကပ်ရောဂါကို အဆုံးသတ်ရန်နှင့် COVID-19 ကပ်ရောဂါကို အနိုင်ယူရန်အတွက် ရောဂါပိုး ကူးစက်ခံရသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဖယ်ရှားရန်နှင့် ပြည်သူလူထု၊ လူ့အခွင့်အရေးနှင့် ကျား-မရေးရာ တန်းတူညီမျှရေးတို့ကို အခြေပြုသည့် ချဉ်းကပ်မှုများကို လိုက်နာကျင့်သုံး ဆောင်ရွက်ရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား