တိုက်ပွဲဝင် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အပံ့ Funds များ ကောက်ခံခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၄ ရက်က Civil Disobedience Campaign အဖွဲ့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။
ယင်းသဘောထား ထုတ်ပြန်ချက်၌ ယနေ့အချိန်တွင် ပြည်သူအများစု၏ မဲဆန္ဒဖြင့် တရားဝင် ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့အစိုးရကို တပ်မတော်မှ အာဏာထိန်းသိမ်းထားသည်မှာ လေးရက်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ တရားနည်းလမ်းမကျသော လုပ်ရပ်ကို လက်မခံဘဲ ၎င်းတို့၏ ဆန္ဒအရ ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသသည့်အနေဖြင့် Civil Disobedience Campaign လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်အခြေပြုပြီး ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်ကို ပြည်သူများက သိရှိကြကြောင်း၊ CDM လှုပ်ရှားမှုသည် တစ်ဦးတစ်ဖွဲ့၊ လူပုဂ္ဂိုလ်တစ်ယောက်၏ လုပ်ဆောင်မှုဖြင့် စတင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ပါဝင်လာသူများ၏ ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် အာဏာထိန်းသိမ်းခဲ့သော တပ်မတော်ကို တစ်တပ်တစ်အား ဆန့်ကျင်သွားရန် ပေါ်ထွက်လာသော လှုပ်ရှားမှုဖြစ်ကြောင်း နှင့် စတင်မည့်နေ့တွင် မြို့နယ်ပေါင်း ၇၀ ကျော်ရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများရှိ အစုအဖွဲ့ပေါင်း ၁၀၀ ကျော်မှ ကျန်းမာရေးဝန်ထမ်း အသီးသီးတို့က တက်ကြွစွာ ပါဝင်လှုပ်ရှား ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် CDM ဖေ့စ်ဘုတ်စာမျက်နှာသည်လည်း အဆိုပါလှုပ်ရှားမှုတွင် တစ်ထောင့်တစ်နေရာမှ ဝန်းရံကူညီ ဆောင်ရွက်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးဝန်ထမ်းများ၏ လှုပ်ရှားမှုများကို ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြပေးခြင်း၊ လိုအပ်သည့် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူများ ပ့ံပိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် အခြားဖေ့စ်ဘုတ် စာမျက်နှာခွဲများ၊ Group များထောင်၍ လုပ်ဆောင်ခြင်း၊ တိုက်ပွဲဝင် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အပံ့ Funds များ ကောက်ခံခြင်းတို့ကိုမူ လက်ရှိအချိန်အထိ တာဝန်ယူပြုလုပ်ခြင်း မရှိသေးကြောင်း၊ ထိုသို့ မလုပ်ဆောင်ခြင်းမှာ အကောင့်တုများ၊ လှုပ်ရှားမှုကို ပုံဖျက်လိမ်ညာမိသူများ၏ အန္တရာယ်ကို သတိထားစေလိုသည့်အတွက် မည်သည့် Disobedience လှုပ်ရှားမှုကိုမဆို ထိခိုက်စေလိုစိတ်မရှိဘဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်းကို နားလည်ပေးစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြားသော ပြည်သူ့ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများက Civil Disobedience Campaign အပေါ် ထောက်ခံကြေညာချက်များ၊ သဝဏ်လွှာများကိုလည်း အားတက်ဖွယ် လက်ခံရရှိပြီး အခြားပြည်သူ့ဝန်ထမ်းများ၏ Disobedience Movement များကိုလည်း မြင်တွေ့ရကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီ ၄ ရက်မှစ၍ အခြားပြည်သူ့ ဝန်ထမ်းများ၏ Disobedience လှုပ်ရှားမှုများကိုလည်း CDM Facebook Page တွင် အလျဉ်းသင့်သလို ဖော်ပြပေးသွားမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ Civil Disobedience Campaign တွင် ပါဝင်လျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနက အရေးပေါ်လူနာများအား ဆက်လက် ကုသပေးမည် ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်က ဆန္ဒသဘောထား ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များအနေဖြင့် ပြည်သူလူထုမှ ရွေးချယ် တင်မြှောက်ထားသော ပြည်သူ့အစိုးရအား ဖမ်းဆီးထိန်းသိမ်း၍ တပ်မတော်က အာဏာထိန်းသိမ်းခြင်းအား ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်များအားလုံးသည် Civil Disobedience Campaign နှင့် Red Ribbon Movement တွင် ပါဝင်လှုပ်ရှားနေကြသော ဆရာဝန်များအား အပြည့်အဝထောက်ခံပြီး တစ်သားတည်းရှိကြောင်း ရေးသားဖော်ပြထားသည်။
သို့သော် အရေးပေါ်ဌာန ဖြစ်သည့်အလျောက် အရေးပေါ် အသည်းအသန်လူနာများ၏ ကျန်းမာရေးကို ထောက်ထားသောအားဖြင့် အသက်အန္တရာယ်ရှိသော အရေးပေါ်လူနာများကိုမူ ဆက်လက်လက်ခံ ကုသပေးသွားမည် ဖြစ်ကြောင်း၊ ဆူပူသောင်းကျန်းမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ လူနာများနှင့် တပ်မတော်အစိုးရကို ထောက်ခံအားပေးသူများအား လက်ခံကုသပေးမည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် အရေးပေါ်ဌာနမှ ဆရာဝန်အားလုံးသည် CDC နှင့် RRMM ကို ဆက်လက် ထောက်ခံရင်း အနည်းငယ်သော ဆရာဝန်အင်အားဖြင့်သာ ကုသမှုလုပ်ငန်းများအား ဆက်လက် လုပ်ဆောင်မည်ဖြစ်၍ ပြည်သူလူထုနှင့် လူနာများအနေဖြင့်လည်း နားလည်ပေးကြပါရန်နှင့် အရေးပေါ်အခြေအနေမှသာ ဆေးရုံသို့လာကြရန် တောင်းဆိုလိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား