Top News

နောင်တစ်နှစ်အကြာတွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပေးထားသည့် ကတိစကားအတိုင်း ရိုးသားစွာ အကောင်အထည်ဖော် လုပ်ဆောင်မှသာ လူထုယုံကြည်လိမ့်မည်ဟု ကာဒီနယ်ချားလ်စ်ဘို ပြောကြား
24htopnews | November 1, 2024 10:12 AM CST

နောင်တစ်နှစ်အကြာတွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပေးထားသည့် ကတိစကားအတိုင်း ရိုးသားစွာ အကောင်အထည်ဖော် လုပ်ဆောင်မှသာ လူထု ယုံကြည်လိမ့်မည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို က ပြောကြားသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဆွေများထံသို့ ပေးပို့သော ကာဒီနယ်ချားလ်စ်ဘို၏ သတင်းစကားကို ဖေဖော်ဝါရီ ၃ ရက် ရက်စွဲဖြင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့ပြီး အဆိုပါသတင်းစကားတွင် ထိုသို့ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

“နောင်တစ်နှစ်အကြာမှာ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ သင်တို့ ကတိပြုခဲ့ကြပါတယ်။ ကျွန်ုပ်တို့ ပြည်သူပြည်သားတွေရဲ့ ယုံကြည်မှုကို သင်တို့ ဘယ်လိုရယူနိုင်မလဲ။ ပေးထားတဲ့ ကတိစကားတွေအတိုင်း ရိုးသားစွာ အကောင်အထည်ဖော် လုပ်ဆောင်မှသာ သူတို့ ယုံကြည်ကြပါလိမ့်မယ်”ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖြစ်ရပ်အတွက် တစ်ကမ္ဘာလုံးက အံ့သြထိတ်လန့်ပြီး ဝမ်းနည်းခဲ့ကြကြောင်း၊ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်က ရွေးကောက်ခံအစိုးရကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးသည့် နေရာတွင် တပ်မတော်လည်း ပါဝင်ခဲ့သည့်အတွက် တစ်ကမ္ဘာလုံးက လေးစားချီးကျူးခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် လွန်ခဲ့သော နှစ်များအတွင်းမှ အခြေအနေများသည် မည်သို့ဆိုးဝါးခဲ့သည် ဆိုသည်ကို နားလည်နိုင်ရန် အားလုံးက ကြိုးစားနေကြကြောင်း အဆိုပါ သတင်းစကားတွင် ဖော်ပြထားပြီး ရွေးကောက်ခံ အရပ်သားအစိုးရနှင့် တပ်မတော်အကြား လုံလောက်သော တွေ့ဆုံဆွေးနွေးမှုမျိုး မရှိခဲ့၍လားဟု ကာဒီနယ်ချားလ်စ်ဘိုက မေးခွန်းထုတ်ထားသည်။

ပဋိပက္ခများကြောင့် ထိခိုက်နာကျင်ခဲ့ရသော အဖြစ်များသည် လွန်စွာများပြားခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော် သွေးစွန်းခဲ့ရသော အကြမ်းဖက်လမ်းစဉ်ကြောင့် တရားမျှတသော အဖြေများ ထွက်ပေါ်လာခြင်း မရှိကြောင်း၊ တစ်ချိန်က ချမ်းသာကြွယ်ဝခဲ့သော မြန်မာနိုင်ငံတွင် ပြဿနာအရပ်ရပ်ကို ဒီမိုကရေစီ နည်းလမ်းဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြကြောင်း၊ ယခုအခါတွင်လည်း သန်းပေါင်းများစွာသော ပြည်သူပြည်သားများသည် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ပြည်သူပြည်သားများက ယုံကြည်ကြကြောင်း ကာဒီနယ် ချားလ်စ်ဘိုက ပြောကြားသည်။

တပ်မတော်က နိုင်ငံတော် အာဏာသိမ်းယူမှုအပေါ် မြန်မာနိုင်ငံသူ နိုင်ငံသားများသာမက ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ရကြောင်း၊ မဲစာရင်း မသမာမှုများ ရှိနိုင်သည်ဟူသော စွပ်စွဲချက်ကို ဘက်မလိုက်သော အဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် တွေ့ဆုံဖြေရှင်းခဲ့မည်ဆိုပါက ပြေလည်သွားနိုင်သော်လည်း ယခုအခါ အဆိုပါအခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း၊ ထိုသို့ နိုင်ငံအာဏာသိမ်းယူမှုအတွက် ကမ္ဘာ့ခေါင်းဆောင်များက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဆက်လက်၍လည်း ပြစ်တင်ရှုတ်ချမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူပြည်သားတွေရဲ့ ခံစားချက်နဲ့ စိတ်ပျက်မှုကို သင်တို့ နားလည်ဖို့ လိုပါတယ်။ သင်တို့ရဲ့ လုပ်ဆောင်မှုတွေက ပြည်သူပြည်သားတွေကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း၊ သက်သေပြနိုင်ရပါမယ်။ သူတို့ကို ငြိမ်းချမ်းစွာနှင့် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံကြဖို့ သင်တို့ကို ကျွန်ုပ် ထပ်မံမေတ္တာရပ်ခံ လိုပါတယ်။ ကျွနု်ပ်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်သူ ပြည်သားများအပေါ် အကြမ်းဖက်ခြင်းမျိုး လုံးဝမပြုလုပ်ကြပါနဲ့”ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ်များကို ဖမ်းဆီးခြင်းသည်လည်း ဝမ်းနည်းဖွယ်ရာ ကောင်းကြောင်း၊ ၎င်းတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများကို လေးစားရန်နှင့် ၎င်းတို့ကို အမြန်ဆုံး ပြန်လွတ်ပေးရန် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရန် မရပ်မနား ကြိုးစားရင်းဖြင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်နှင့် NLD ပါတီ ခေါင်းဆောင်များသည် ယခုကဲ့သို့ ဒုက္ခကြုံတွေ့နေရခြင်း ဖြစ်ကြောင်း၊ မမျှော်လင့်သည့် အလှည့်အပြောင်းများကြောင့် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ၎င်းတို့ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုနေကြောင်း ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့သော အခြေအနေမျိုး ရောက်ရှိလာရခြင်းသည် အချင်းချင်းဆက်သွယ်ပြီး တွေ့ဆုံဆွေးနွေးမှု နည်းပါးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် လက်ခံနိုင်စိတ် နည်းပါးခြင်းကြောင့် ဖြစ်လာရသည် ဆိုသည်ကို ပြောကြားလိုကြောင်းလည်း ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖြစ်ရပ်အတွက် နိုင်ငံတကာက ဂရုစိုက်မှုကို ကျေးဇူးတင်ရသကဲ့သို့ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်အတူ အံ့သြ ထိတ်လန့်ခဲ့သည့် နိုင်ငံတကာ၏ အပြုအမှုကိုလည်း တလေးတစား အသိအမှတ်ပြုကြောင်း၊ သို့သော်လည်း သမိုင်းကို ပြန်ကြည့်ပါက အလျင်စလို ဆုံးဖြတ်ပြီး တုံ့ပြန်လုပ်ဆောင်ချက်များသည် နောက်ဆုံးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများကို အကျိုးမပြုသည်ကို တွေ့ရကြောင်း ကာဒီနယ်ချားလ်စ်ဘိုက ဆိုသည်။

နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ၊ ပြစ်တင်ရှုတ်ချမှုများကြောင့် ကြီးမားသောရလဒ် မထွက်ပေါ်ဘဲ မြန်မာနိုင်ငံသည် ကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်များလည်း နည်းပါးသွားကြောင်း၊ ထိုသို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံ၏ သယံဇာတများကို မျက်စိကျနေသော အင်အားကြီး နိုင်ငံများအတွက် အခွင့်ကောင်း ပေးလိုက်သကဲ့သို့ ဖြစ်ကြောင်း ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားသည်။                                


READ NEXT
Cancel OK