နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒေါ်အေးနုစိန် ပါဝင်မှုအပေါ် ပါတီအနေဖြင့် မူအရ သဘောတူသော်လည်း ကောင်စီတွင် ပါဝင်ရန်အတွက် ကောင်စီနှင့် ဆက်လက် ဆွေးနွေးစရာများ ရှိသေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် အဖွဲ့ဝင် ငါးဦးကို ဖေဖော်ဝါရီ ၃ ရက်က ထပ်မံဖြည့်စွက်မှုတွင် ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် ပါဝင်လာခြင်း ဖြစ်သည်။
“အဲဒီနေရာကို ကျွန်တော်တို့က မူအရ သဘောတူတယ်။ ဒါပေမဲ့ ဒီနေရာမှာ စကားပြောစရာတွေ အများကြီး ရှိသေးတယ်။ အဲဒီ စကားပြောစရာရှိပြီးမှပဲ ဒီဟာက ကျွန်တော်တို့ပါတီက တရားဝင် ကြေညာချက်တွေ ထုတ်ပြီးမှပဲ ကျွန်တော်တို့ စကားပြောဖို့ အဆင်သင့် ရှိပါတယ်”ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
တပ်မတော်က ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒေါ်အေးနုစိန်အမည် ပါဝင်လာခြင်းအပေါ် ပါတီအနေဖြင့် မူအရ သဘောတူသော်လည်း ကောင်စီနှင့် ပဏာမဆွေးနွေးခြင်းမရှိဟု ၎င်းက ဆိုသည်။
“မူအရ သဘောတူတယ်ဆိုတာက နိုင်ငံတော်ကောင်စီ တစ်ခုတည်းနဲ့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို မပြီးနိုင်ဘူး။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆိုတာက ဘင်္ဂါလီပြဿနာတွေ ရှိတယ်။ သဘာဝသယံဇာတကိစ္စတွေ ရှိတယ်။ AA နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ရှိတယ်။ ဒီအပေါ်မှာ အာဏာသိမ်းတဲ့ အစိုးရက ဘယ်လောက်ထိ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ဒီမှာ ဆွေးနွေးမှုတွေ ရှိတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောကြားသည်။
အဆိုပါအချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆွေးနွေးပြီးမှ ဒေါ်အေးနုစိန် ပါဝင် မဝင်ကို ပါတီအနေဖြင့် ဆုံးဖြတ်မည်ဖြစ်ပြီး ပါတီအနေဖြင့် ကောင်စီနှင့် ဆွေးနွေးရန် အသင့်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့ဆီကတော့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့က NLD ကိုလည်း ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တယ်။ အဆင်သင့်ရှိခဲ့တယ်။ မဆွေးနွေးခဲ့ဘူး။ အာဏာသိမ်းတဲ့ အစိုးရကိုလည်း ကျွန်တော်တို့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်။ အဲဒီတော့ ဘယ်လို ဆွေးနွေးလာမလဲ ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ မသိဘူး။ အဲဒီဆွေးနွေးမှုအပေါ်မှာပဲ မူတည်မှာပါ” ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
ဒေါ်အေးနုစိန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် အမည်စာရင်း ပါဝင်လာမှုနှင့် ပတ်သက်၍ ပါတီတွင်း အစည်းအဝေးများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ဒေါ်အေးနုစိန် အနေဖြင့် ပါတီတွင်သာရှိနေပြီး နေပြည်တော်သို့ သွားရောက်၍ ကောင်စီနှင့် ပူးပေါင်းမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။
“ပါတီက တာဝန်ပေးမှု မရှိဘဲနဲ့ ကျွန်တော်တို့ ပါတီကလူတွေက ဘယ်မှသွားလို့ မရပါဘူး။ နိုင်ငံတော်ကောင်စီမှာ ပါဖို့ကိစ္စကိုလည်း ဒီနေ့ အစည်းအဝေး လုပ်တယ်။ အဲဒီတော့ နေပြည်တော်ကိုလည်း သူမရောက်သေးဘူး။ စစ်တွေမှာပဲ ရှိပါသေးတယ်။ အခုလောလောဆယ်မှာတော့ ပါတီက အားလုံးကို တာဝန်ယူထားပါတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အမည်ပါဝင်နေမှုနှင့် ပတ်သက်၍ ဒေါ်အေးနုစိန်ကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေကြားမှုမရှိပေ။
“အဓိကကတော့ ကိုယ့်ပြည်နယ်ရဲ့အကျိုး ကိုယ့်ဒေသရဲ့အကျိုးကို ဆောင်ရွက်နိုင်မယ် ထင်ရင်လည်း ပါတီရဲ့ ဆုံးဖြတ်ချက်အရ လုပ်တာက ပိုပြီးတော့ အားရှိတယ်။ ပါတီကလည်း ပါဝင်တဲ့ပုဂ္ဂိုလ်အပေါ်မှာ နောက်ခံ Backup ပေးလို့ရတာပေါ့။ အဲဒီအဆင့် ဟုတ်၊ မဟုတ်တော့ ကျွန်တော် မသိဘူး။ ပါတီဘက်က ကျွန်တော့်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးလာတာ တိုင်ပင်လာတာ မရှိတော့ ဒါက ယေဘူယျအားဖြင့် ပြောရရင်တော့ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်တယ်ဆိုရင်တော့ လုပ်သင့်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ပါတီရဲ့ ဆုံးဖြတ်ချက် မပါဘူးဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ်လို့ပဲ မှတ်ယူရမှာပေါ့” ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးဖေသန်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တပ်မတော်က နိုင်ငံတော်အာဏာ သုံးရပ်ကို လွှဲပြောင်းရယူကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်အရာရှိ ရှစ်ဦး၊ အရပ်သားကိုယ်စားလှယ် သုံးဦးဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ထို့နောက် ဒေါ်အေးနုစိန် အပါအဝင် အဖွဲ့ဝင် ငါးဦးကို ကောင်စီတွင် ဖြည့်စွက်ဖွဲ့စည်းကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထပ်မံကြေညာခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား