FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲထားခဲ့သည့်အမှုကို သုံးနှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီး ထောင်ဒဏ် လေးနှစ် ကျခံစေရန် မန္တလေးတိုင်း တရားလွှတ်တော်က ဖေဖော်ဝါရီ ၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်အား ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်တွင် မန္တလေးတိုင်း တရားလွှတ်တော်တွင် စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်ရာ တရားလိုပြ သက်သေများကို စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် မန္တလေးတိုင်း တရားလွှတ်တော်က ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်တွင် စွဲချက်တင်ခဲ့သည်။
ထို့နောက် တရားခံပြ သက်သေများကို စစ်ဆေးခဲ့ပြီး နှစ်ဖက်လျှောက်လဲချက် ပေးမည့်အဆင့်တွင် အမှုလိုက် ဥပဒေအရာရှိမှ ရာဇဝတ်ကျင့်ထုံးဥပဒေ ၂၂၇ အရ စွဲချက်တင် ဖြည့်စွက် ပြင်ဆင်ပေးရန် လျှောက်ထားခဲ့သည့်အတွက် မန္တလေးတိုင်းဒေကြီး တရားလွှတ်တော်မှ ပယ်သည့်အမိန့် ချမှတ်ခဲ့ကြောင်း၊ အဆိုပါအမိန့်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု တင်သွင်းရာတွင်လည်း ပလပ်သည့်အမိန့် ချမှတ်ခဲ့ကြောင်း၊ ယင်းပလပ်ခဲ့သည့်အပေါ် ပြည်ထောင်ရှေ့နေချုပ်ရုံးမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ရာဇဝတ်အထူးအယူခံ တက်ရောက်ခဲ့သည့်အတွက် ယင်းအထူးအယူခံကိုလည်း ပလပ်ကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
ဆက်လက်၍ နှစ်ဖက်လျှောက်လဲချက်ကို ဇန်နဝါရီ ၂၁ ရက်တွင် ပေးခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့် ဘာအပြစ်မှ မရှိဘူး။ နှစ်ပေါင်း လေးဆယ် နိုင်ငံတော်ရဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ တရားရုံးရဲ့ အမိန့်၊ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူး။ ကျွန်တော်သည် ဘာသာရေးသမားပါ။ ဝဋ်ကြွေးကြောင့်လို့ ခံယူတယ်။တရားဥပဒေတိုင်း ဆက်သွားမယ်။ နောက်ဆုံးမှာ ကျွန်တော်နိုင်ရမယ်"ဟု ဒေါက်တာသန်းထွဋ်က အမိန့်ချပြီး မီဒီယာများကို ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ကျပ်သိန်း ၁၅၀၀ ကျော်အား အဂတိလိုက်စားကြောင်း ပေါ်ပေါက်သည်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဧပြီ ၂၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒဖြင့် ၎င်းအား အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့အမှုဖွင့် ဖမ်းဆီးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့်ပတ်သက်၍ အဆောက်အအုံများ အရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ဌာနအကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာ့များအပေါ် ကိုယ်ကျိုးသုံးစွဲခြင်းများကို ဖော်ထုတ် စစ်ဆေးပေးရန် တိုင်ကြားမှုအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လုပ်ကိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားပြီး ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုထောင်ပါ နှစ်ထပ်နေအိမ် တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခု စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၅၁၄၃၉၇၈၆ အား အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား