နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရာနှင့်ချီသည့် ဆန္ဒပြသူများက ထိပ်တန်း တရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက်အပေါ် စုဝေးဆန္ဒပြခဲ့ကြသည်။ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုမှုများသည် ထိုင်းနိုင်ငံ၏ အလွန်သြဇာကြီးသော ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းသည့် သဘောပင်ဖြစ်သည်ဟု ၎င်းတရားရုံးက ဆုံးဖြတ်ခဲ့သည်။
နိုင်ငံရေးဆန်သည်ဟု အကဲခတ်များ၏ ကာလရှည်ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက အထင်ကရ ဆန္ဒပြခေါင်းဆောင်သုံးဦးသည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ရည်ရွယ်သည့် မိန့်ခွန်းများကို ပြောကြားခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်သည် ဆန္ဒပြခေါင်းဆောင်များအတွက် ပြစ်ဒဏ်သင့်စေမည် မဟုတ်သော်လည်း ယင်းဆုံးဖြတ်ချက်သည် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် စည်းရုံးလှုံ့ဆော်နေသည့် တက်ကြွလှုပ်ရှားသူများအတွက် ပို၍ဘောင်ကျဉ်းလာစေသည်ဟု အကဲခတ်များက ဆိုသည်။
ရာနှင့်ချီသည့် ဆန္ဒပြသူများသည် လူစုလူဝေးမပြုလုပ်ရန် တားမြစ်ချက်များကို ဆန့်ကျင်အာခံကာ ဘန်ကောက်မြို့၏ စျေးဝယ်ဗဟိုချက်နေရာတွင် စုဝေးခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကာ အကြွင်းမဲ့ဘုရင်စနစ် အလိုမရှိဟူသော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့သည်။
“ကျွန်တော်တို့က တိုင်းပြည်ကို ထိခိုက်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဒီပြုပြင်ပြောင်းလဲမှုက တိုင်းပြည်ကို ပိုပြီးကောင်းမွန်စေမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဟာ ပြည်သူ့အာဏာကို လုယူနေတာဖြစ်တယ်” ဟု ဆန္ဒပြခေါင်းဆောင် သက်ချာပေါင်ကေဒမ်က ပြောသည်။
ဆန္ဒပြသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးများ၏ ပုံတူအရုပ်များကို တံတားပေါ်မှ ပစ်ချကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဘုန်းတော်ကြီးများ ပါဝင်သည့် အဖွဲ့ငယ်တစ်ဖွဲ့ကလည်း လက်သုံးချောင်းထောင်သည့် အမူအရာကို ပြုလုပ်ခဲ့ကြသည်။
ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူအချို့အကြား ခေတ္တခဏ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု အေအက်ဖ်ပီ မြေပြင်သတင်းထောက်တစ်ဦး၏ အဆိုအရ သိရသည်။ ဒဏ်ရာရခဲ့သည့် ၎င်းအမျိုးသားကို လူနာတင်ယာဉ်ပေါ်သို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။
ဘန်ကောက်မြို့ရှိ ဧရာဝဏ်အရေးပေါ်ဌာနက လူနှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ပြောကြားခဲ့ပြီး ၎င်းတို့အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။ အဆိုပါနေ့ အစောပိုင်းတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို လူစုလူဝေးမလုပ်ရန် သတိပေးခဲ့သည်ဟု သိရသည်။
“ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို အသုံးပြုတဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ချမှတ်ထားတဲ့ ဥပဒေတွေကို မချိုးဖောက်မိအောင် အာရုံစိုက်စေလိုပါတယ်” ဟု ဘန်ကောက်မြို့ ရဲတပ်ဖွဲ့ပြောခွင့်ရ ဂျီရာဆန့် ကေဆန်ဂက်က ပြောသည်။
ညပိုင်းတွင် ဆန္ဒပြသူများသည် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း မကြာခဏသွားရောက် နေထိုင်လေ့ရှိသည့် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံ၏ သံရုံးဆီ ချီတက်ဆန္ဒပြခဲ့ကြသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်