Top News

အပစ်မရပ်ပါက အီသီယိုပီးယားဆွေးနွေးမှုများ အောင်မြင်မည်မဟုတ်ဟု အာဖရိကသမဂ္ဂသံတမန် သတိပေး
24htopnews | November 1, 2024 3:12 AM CST

စေ့စပ်ညှိနှိုင်းမှုသည် အီသီယိုပီးယားနိုင်ငံ၏ တစ်နှစ်ကြာစစ်ပွဲကို အဆုံးသတ်စေနိုင်သည်ဟု အာဖရိကဦးချိုဒေသဆိုင်ရာ အာဖရိကသမဂ္ဂ၏ အထူးသံတမန်အို လူဆီဂန်အိုဘာဆန်ဂျိုက မျှော်လင့်ထားသည် ဆိုသော်လည်း ချက်ချင်း အပစ်ရပ်ဆဲခြင်း မရှိပါက ယင်းသို့သော ဆွေးနွေးမှုများ ဖြစ်ပေါ်မလာနိုင်ဟု နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သော ၎င်းက သတိပေးထားသည်။

သူပုန်များ အီသီယိုပီးယားမြို့တော် အဒစ်အဘာဘာကို ချီတက်မည်ဟူသော စိုးရိမ်မှုများက သံတမန်ရေးဆိုင်ရာ ဆောင်ရွက်ချက် အများအပြားကို ချက်ချင်းဖြစ်ပေါ်စေခဲ့ချိန်တွင် လူ့အသက်ထောင်ချီဆုံးရှုံးခဲ့ရပြီး လူနှစ်သန်း နေရပ်စွန့်ခွာပြေးခဲ့ရသည့် ပဋိပက္ခအဆုံးသတ်စေရေးအတွက် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုကို နိုင်ဂျီးရီးယားသမ္မတဟောင်း အိုဘာကာဆန်ဂျိုက ဦးဆောင်လျက်ရှိသည်။

ဝန်ကြီးချုပ်အဘီအာမက်၊ တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး သူပုန်အုပ်စု၏ ခေါင်းဆောင်ပိုင်းတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် နိုဝင်ဘာ ၁၁ ရက်တွင် အီသီယိုပီးယားနိုင်ငံမှ ထွက်ခွာသွားသော အိုဘာဆန်ဂျိုအပြင်  အမေရိကန် အထူးသံတမန် ဂျက်ဖရေးဖဲလ်မန်းသည်လည်း ဆွေးနွေးမှုများပြုလုပ်ရေးအတွက် လွန်ခဲ့သော သီတင်းပတ်တွင် အီသီယိုပီးယားနိုင်ငံကို အလည်အပတ်လာရောက်ခဲ့သည်။

ဒေသဆိုင်ရာ ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်နေသော ကင်ညာသမ္မတ အူဟူရူကင်ယတ်တာသည် အံ့အားသင့်ဖွယ် တစ်ရက်ကြာ အလည်အပတ်ခရီးအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် အီသီယိုပီးယားနိုင်ငံကို ဆိုက်ရောက်လာခဲ့သည်။ ၎င်းသည် အဘီနှင့်တွဲရိုက်ထားသော ဓာတ်ပုံများကို Twitter တွင် တင်ခဲ့သည်။

ပဋိပက္ခ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရေးအတွက် အခြေခံသဘောတူညီချက်ကို ရရှိနိုင်မည်ဟု အကောင်းမြင်ထားကြောင်း အိုဘာဆန်ဂျိုက ပြောကြားခဲ့သည်။

သို့ရာတွင် မကြာသေးခင် သီတင်းပတ်များတွင် တိုက်ခိုက်မှု အရှိန်မြင့်တက်လာခြင်း၊ တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) က အဓိကကျသော နယ်မြေဆိုင်ရာ သိမ်းယူမှုများ ရှိနေခြင်းတို့နှင့် စစ်မက်များ ဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် ယင်းသို့သော ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ဟု ၎င်းကသတိပေးခဲ့သည်။

“စစ်ရေးဆိုင်ရာ ထိုးစစ်တွေကို ရပ်ကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်ပိုင်းကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒါဟာ စေ့စပ်ဆွေးနွေးတာတွေ တိုးတက်မှု ဆက်လက်ရစေဖို့ အခွင့်အလမ်းတစ်ခုကို ဖြစ်ပေါ်စေပါလိမ့်မယ်” ဟု အိုဘာဆန်ဂျိုက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ အာဖရိသုံးနိုင်ငံ အလည်ခရီးစဉ်မတိုင်မီ အိုဘာဆန်ဂျို၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ဘလင်ကင်သည် အိုဘာဆန်ဂျို၏ ကြားဝင်ဆောင်ရွက်ပေးမှုများကို ထောက်ခံထားသကဲ့သို့ စေ့စပ်ဆွေးနွေးမှုများကို ရှေ့တိုးလုပ်ဆောင်ခြင်းမရှိပါက အဘီ၏အစိုးရကို လည်းကောင်း၊ TPLF ကိုလည်းကောင်း ပိတ်ဆို့အရေးယူမှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။

အီသီယိုပီးယားအစိုးရသည် သူပုန်များနှင့် ဆွေးနွေးနိုင်မည့်အချက်အလက်များနှင့် အခြေအနေများကို နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။                          


READ NEXT
Cancel OK