Top News

COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့သည့် ပြည်ပခရီးသွားများကို ဝင်ရောက်ခွင့်ပြုမည်ဟု ကမ္ဘောဒီးယားကြေညာ
24htopnews | November 1, 2024 3:12 AM CST

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် ယိုယွင်းခဲ့သည့် ခရီးသွားကဏ္ဍကို ပြန်လည်မြှင့်တင်သည့်အနေဖြင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့သည့် ပြည်ပခရီးသွားများကို နိုဝင်ဘာ ၁၆ ရက်မှစပြီး ကွာရန်တင်းဝင်ရန်မလိုဘဲ နိုင်ငံအတွင်း လာရောက်လည်ပတ်နိုင်သည်ဟု ကြေညာခဲ့သည်။

ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ကမ္ဘောဒီးယားအာဏာပိုင်များသည် ခရီးသွားလာမှုဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို တင်းကျပ်စွာ ချမှတ်ခဲ့သဖြင့် နိုင်ငံ၏ ခရီးသွားကဏ္ဍကို ထိခိုက်စေခဲ့ကာ ပြီးခဲ့သည့်နှစ်က ခရီးသွားကဏ္ဍမှရရှိသည့် အမြတ်ငွေ ဒေါ်လာ ၁ ဘီလျံလျော့ကျသွားခဲ့ပြီး ယင်းသည် ခရီးသွား အရေအတွက် ၆.၆ သန်းရှိခဲ့သည့် ၂၀၁၉ ခုနှစ်က ခရီးသွားကဏ္ဍမှ ရရှိခဲ့သည့် အမြတ်ငွေ ဒေါ်လာ ၅ ဘီလျံနီးပါးမှ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက်တွင်မူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့သည့် နိုင်ငံတကာ ခရီးသွားများ၊ ကမ္ဘာလှည့်ခရီးသည်များနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် နိုဝင်ဘာ ၁၆ ရက်မှစပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်း ကွာရန်တင်းဝင်ရန်မလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရရှိမည်ဟု ကြေညာခဲ့သည်။

ယင်းဆုံးဖြတ်သည် နိုဝင်ဘာ ၃၀ ရက်မှစပြီး ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သီဟာနုဗယ်လီ ကမ်းခြေနှင့် ခိုရောင်ကျွန်း၊ တရုတ်နိုင်ငံက တည်ဆောက်ခဲ့သည့် ဒါရာဆာကော် အပန်းဖြေစခန်းတို့ကို ပြန်လည်ဖွင့်လှစ်ပေးမည့် ယခင်အစီအစဉ်ကို လွှမ်းမိုးပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အန်ကောဝပ်ဘုရားကျောင်းသို့ သွားရောက်ရာတွင် ဝင်ပေါက်ဖြစ်သည့် ဆီယမ်ရိမြို့ကို ပြန်လည်ဖွင့်လှစ်မှုသည် ယင်းမြို့ကို ဇန်နဝါရီမှ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်ကို ရှေ့တိုးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ခရီးသွားများအနေဖြင့် ကမ္ဘောဒီးယားသို့ ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်တို့တွင် ၇၂ နာရီထက်မနည်းသည့် ကာလအတွင်း COVID-19 စစ်ဆေးမှုများကို ပြသရမည်ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

“ခရီးသွားတွေရောက်ရှိချိန်မှာ ကာကွယ်ဆေးထိုးနှံထားတဲ့ အချက်အလက်တွေကိုပြရမှာဖြစ်ပြီး COVID-19 စစ်ဆေးမှုကို ခံယူရပါမယ်။ ရောဂါကူးစက်မှုမရှိဘူးဆိုရင်တော့ သူတို့ဟာ ကမ္ဘောဒီးယားနိုင်ငံအနှံ့ကို သွားလာခွင့်ရရှိမှာပါ” ဟု ဟွန်ဆန်က ၎င်း၏ Facebook စာမျက်နှာတွင် တင်ခဲ့သည့် အသံဖိုင်တွင် ပြောကြားခဲ့သည်။

ယင်းအစီအစဉ်များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားခဲ့ပြီး ယင်းသည် နိုင်ငံကိုပြန်ဖွင့်ရန် အမြန်ဆုံးနည်းလမ်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အန်ကောဝပ် ဘုရားကျောင်းတွင် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ဟော်ဆိုဖီယာက ယင်းအစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ ကျွန်မတို့ ခရီးသွားကဏ္ဍ ရှင်သန်ရေးအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ” ဟု ၎င်းကအေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ကာကွယ်ဆေးမထိုးနှံရသေးသည့် ခရီးသွားများအနေဖြင့် ကွာရန်တင်း ၁၄ ရက်ဝင်ရမည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် ကာကွယ်ဆေးထိုးနှံမှုကို လျင်မြန်စွာ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ့လူဦးရေ ၁၆ သန်းကျော်၏ ၈၈ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပေးနိုင်ခဲ့သည်။                                               


READ NEXT
Cancel OK