COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်က ၂၀၂၀ နှစ်ဆန်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံး ရိုက်ခတ်သွားအောင် ပြင်းပြင်းထန်ထန် ကိုင်လှုပ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာ ၁ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်လခွဲကာလ ရှိပါပြီ။ ဒီကာလအတွင်း နိုင်ငံပေါင်း ၁၃၀ ခန့်မှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုလူနာ (မတ် ၁၄ ရက်အထိ) တစ်သိန်းခွဲအထက်၊ သေဆုံးသူ ၅၈၀၀ ကျော်နဲ့၊ ပြန်လည်ကောင်းမွန်သူ ၇၅၀၀၀ အထက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် မတ် ၁၁ ရက်မှာ အတည်ပြု ကြေညာလိုက်ပါပြီ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအသီးသီးမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေ ထိခိုက်နစ်နာမှုရှိသလို အားကစားကလည်း အဓိကကျတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်လာနေပါပြီ။ တရုတ်နဲ့ အာရှနိုင်ငံတချို့က စတင်ရွှေ့ဆိုင်းခဲ့ရတဲ့ အားကစားပြိုင်ပွဲတွေဟာ အခုဆိုရင် ဥရောပနဲ့ အမေရိက နိုင်ငံတွေအထိ ရောက်ရှိလာပြီး ဘောလုံးအပါအဝင် အားကစားနည်း များစွာကို ရွှေ့ဆိုင်း/ဖျက်သိမ်းမှုတွေ လုပ်နေရပါပြီ။
တစ်နေ့တခြား တိုးပွားလာတဲ့ အားကစားပြိုင်ပွဲ ရွှေ့ဆိုင်း/ဖျက်သိမ်းမှု သတင်းတွေကြောင့် ကမ္ဘာ့အားကစား လောကကြီး တစ်ခုလုံး ရပ်တန့်သွားတော့မလား ဆိုတာလည်း စိုးရိမ်စရာ ကောင်းနေပါတယ်။
စိုးရိမ်စရာ ဥရောပဘောလုံးရာသီ
ဘောလုံးဆိုတာ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှုအများဆုံး၊ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံး အားကစားဖြစ်ပြီး အခုတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ နှိပ်စက်မှုကြောင့် ဘောလုံးလောက တာဝန်ရှိသူတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေအပြင် ပရိသတ်တွေပါ ရင်တုန်နေရပါပြီ။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ တရုတ်စူပါလိဂ်ပြိုင်ပွဲနဲ့ ပြည်တွင်းဘောလုံးပွဲတွေအားလုံး ရပ်ဆိုင်းဖို့ တရုတ်ဘောလုံးအဖွဲ့ချုပ်က ညွှန်ကြားထားပြီး တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရန်း၊ ရှန်ဟိုင်းရှင်ဟွာနဲ့ ရှန်ဟိုင်း SIPG အသင်းတို့ရဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်တွေကိုလည်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ဧပြီအထိ ရွှေ့ဆိုင်းထားပါတယ်။ ဂျပန်ဂျေလိဂ်ပြိုင်ပွဲက မတ်လလယ်အထိ ပြည်တွင်းပွဲတွေအားလုံး ရပ်ဆိုင်းထားပြီး တောင်ကိုရီးယား ကေလိဂ်ရာသီသစ် စတင်မယ့်အချိန်ကိုလည်း နောက်ဆုတ်ထားရပါတယ်။ အာရှချန်ပီယံလိဂ်နဲ့ AFC Cup ပြိုင်ပွဲကို ဧပြီအထိ ပွဲစဉ်တချို့ ရွှေ့ဆိုင်းထားရပြီး အဲဒီအချိန်မှာ ပြန်စတင်နိုင်မလား ဆိုတာလည်း မသေချာသေးပါဘူး။
ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အပြင်းထန်ဆုံးဖြစ်တဲ့ အီတလီနိုင်ငံက စီးရီးအေဘောလုံးပွဲတွေ အပါအဝင် အားကစားပြိုင်ပွဲ အားလုံးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ အစိုးရကိုယ်တိုင် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး အစောဆုံး ဧပြီ ၃ ရက်နောက်ပိုင်းမှသာ ပြန်စနိုင်ဖို့ ရှိနေပါတယ်။ စီးရီးအေပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၃ ရက်ကတည်းက ရွှေ့ဆိုင်းမှုတွေ စလုပ်ခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာလည်း ပြင်ဆင်မှုတွေ၊ ရွှေ့ဆိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ရပါတယ်။ မတ် ၉ ရက်မှာတော့ အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက နိုင်ငံတစ်ဝန်းမှာရှိတဲ့ အားကစားပြိုင်ပွဲအားလုံး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ညွှန်ကြားခဲ့တာပါ။ စီးရီးအေပြိုင်ပွဲက ပွဲစဉ် ၂၆ အထိပဲ ယှဉ်ပြိုင်ကစားရသေးပြီး (ပွဲစဉ် ၂၅ မှ လေးပွဲကျန်နေသေး) လက်ကျန် ၁၂ ပွဲရှိနေလို့ ဧပြီ ၃ ရက် နောက်ပိုင်း တစ်ပတ်ပွဲစဉ် တစ်ခုနှုန်း ဆက်တိုက်ကစားမယ် ဆိုရင်တောင် မေလကုန်မှာ ပြိုင်ပွဲပြီးဆုံးဖို့ မလွယ်ပါဘူး။ မူလရေးဆွဲထားတဲ့ ပွဲစဉ်အရ မေ ၂၄ ရက်မှာ ရာသီအဆုံးသတ်ရမှာဖြစ်ပြီး လက်ရှိအခြေအနေအရ ဖြစ်နိုင်ခြေနည်းပေမဲ့ ဇွန်လဒုတိယပတ်ဆိုရင် ယူရို-၂၀၂၀ ပြိုင်ပွဲ စတင်ဖို့ရှိနေလို့ အဲဒီကာလထက် နောက်ကျပြီးမှ အဆုံးသတ်လို့လည်း မရပါဘူး။ အဲဒါကြောင့် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂရာဗီနာက ဖြစ်နိုင်ခြေရှိတဲ့ အဆိုပြုချက်တွေ တင်ပြထားပြီး ပြိုင်ပွဲပြီးဆုံးချိန်ကို မေလကုန်အထိ တိုးမြှင့်ဖို့၊ ရာသီကုန်ချိန်အထိ မကျင်းပဖြစ်ဘူးဆိုရင် ချန်ပီယံဆုကို ဘယ်သူ့ကိုမှ မပေးဖို့ ဒါမှမဟုတ် ချန်ပီယံဆုနဲ့ တန်းဆင်းနေရာတွေအတွက် Play-offs ပွဲတွေကစားပြီး ဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုဟာလည်း ကစားသမားတွေဆီ ရောက်ရှိလာပြီး ဂျူဗင်တပ်စ်အသင်း နောက်ခံလူ ရူဂါနီ၊ ဆမ်ဒိုးရီးယားအသင်း တိုက်စစ်မှူး ဂတ်ဘီယာဒီနီ၊ နောက်ခံလူ ကော်လေ၊ ကွင်းလယ်လူ အက်ဒယ်လ်၊ သော်စဘီ၊ လူငယ်တိုက်စစ်မှူး လာဂူမီနာ၊ ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗလာဟိုဗစ်၊ တိုက်စစ်မှူး ကူထရိုနီ၊ နောက်ခံလူ ပက်ဇယ်လာ၊ စီးရီးစီကလပ် ပါရာနီဆီအသင်း ကစားသမားသုံးဦးနဲ့ ပါရာဆီယိုအသင်း ကစားသမား တစ်ဦးတို့ ကူးစက်ခံရကြောင်း အတည်ပြုထားပြီဖြစ်လို့ ကျန်တဲ့သူတွေဆီ ထပ်မကူးစက်ဖို့ပဲ မျှော်လင့်ရတော့မှာပါ။ ရူဂါနီရဲ့ ဂျူဗင်တပ်စ်အသင်းဖော် စီရော်နယ်လ်ဒိုဆိုရင် လေသင်တုန်းဖြတ်သွားတဲ့ အမေ့ကိုကြည့်ဖို့ ပေါ်တူဂီ ပြန်သွားချိန်ကစပြီး အီတလီကိုပြန်လာလို့ မရသေးပါဘူး။
လာလီဂါ ပြိုင်ပွဲကိုလည်း အခုပြီးခဲ့တဲ့တစ်ပတ်နဲ့ လာမယ့်တစ်ပတ် ပွဲစဉ်နှစ်ခုကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ စီစဉ်ထားပေမဲ့ လုံးဝမကစားဘဲ ရွှေ့ဆိုင်းဖို့ မတ် ၁၂ ရက်မှာ အရေးပေါ် ဆုံးဖြတ်လိုက်ပါတယ်။ ရီးယဲလ်မက်ဒရစ် ဘတ်စကက်ဘောအသင်းက ကစားသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုပြီးတဲ့နောက် နှစ်ပတ်ကြာရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြန်စတင်နိုင်ဖို့ အတွက်လည်း အခြေအနေကို စောင့်ကြည့်ရဦးမှာပါ။ ရီးယဲလ်မက်ဒရစ် ဘောလုံးအသင်းနဲ့ ဘတ်စကက်ဘော အသင်းက အားကစားခန်းမနဲ့ လေ့ကျင့်ရေးသုံး ပစ္စည်းတွေကို မျှဝေသုံးစွဲနေတာဖြစ်လို့ ရီးယဲလ်အသင်း ကစားသမားတွေကိုလည်း ၁၄ ရက်ကြာ စောင့်ကြည့်မှု လုပ်နေရပါတယ်။ အဲဒီဂယက်တွေကြောင့် မန်စီးတီး- ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်-လိုင်ယွန် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။
ပရီးမီးယားလိဂ်မှာ ပထမဆုံး ရွှေ့ဆိုင်းခဲ့ရတာက မန်စီးတီး-အာဆင်နယ်ပွဲပါပဲ။ ဒီပွဲက မန်စီးတီးရဲ့ လိဂ်ဖလား ဗိုလ်လုပွဲကြောင့် ရွှေ့ဆိုင်းထားရတဲ့ ပွဲစဉ် ၂၈ ပွဲကျန်ဖြစ်ပြီး မတ် ၁၁ ရက်မှာ ပြန်ကစားဖို့ စီစဉ်ထားပေမဲ့ တစ်ရက်အလိုမှ ကပ်ပြီး ရွှေ့ခဲ့ရတာပါ။ အဲဒါကတော့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကစားခဲ့တဲ့ အာဆင်နယ်-အိုလံပီယာကော့စ် ယူရိုပါလိဂ်ပွဲကြောင့်ဖြစ်ပြီး အိုလံပီယာကော့စ် အသင်းပိုင်ရှင် မာရီနာကစ်ဆီမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။ လိဂ်ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ် အသင်းကိုလည်း ပိုင်ဆိုင်တဲ့ မာရီနာကစ်ဟာ အာဆင်နယ်ကို အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲ အပြီးမှာ ကွင်းထဲကို ဆင်းပြီးတော့ အောင်ပွဲခံခဲ့သလို အာဆင်နယ်ကစားသမား တချို့နဲ့ ဝန်ထမ်းတွေကိုလည်း နှုတ်ဆက်ခဲ့ပါသေးတယ်။ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးထိတွေ့ခဲ့ချိန်ကနေ ၁၄ ရက်အထိ စောင့်ကြည့်ရမှာဖြစ်လို့ မန်စီးတီးနဲ့ပွဲကို ကစားခွင့်မရတော့ဘဲ ရွှေ့ဆိုင်းခဲ့ရတာပါ။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အားကစားပွဲတွေ ရွှေ့ဆိုင်းရဖို့ရှိပေမဲ့ ချက်ချင်းတော့ မဟုတ်သေးဘူးလို့ မတ် ၁၂ ရက်အထိ ကြွေးကြော်ခဲ့ပေမဲ့ သူ့ရဲ့ပြောဆိုမှုက ၂၄ နာရီတောင် မကြာခဲ့ပါဘူး။ မတ် ၁၃ ရက် နံနက်အစောပိုင်းမှာပဲ အာဆင်နယ်အသင်းနည်းပြ အာတီတာဆီမှာ ဗိုင်းရပ်စ် Positive တွေ့ရှိကြောင်း သတင်းတွေ စတက်လာပြီး သိပ်မကြာခင်မှာ ချယ်လ်ဆီးအသင်းကလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်း ဗိုင်းရပ်စ်ကူးစက်ခံထားရပြီလို့ အတည်ပြုခဲ့ပါတယ်။ လက်စတာအသင်း ကစားသမားသုံးဦး၊ အဲဗာတန်အသင်း ကစားသမားတစ်ဦး၊ ဘုန်းမောက်အသင်း ဂိုးသမား ဘိုရပ်နဲ့ ဝန်ထမ်းလေးဦးတို့ဆီမှာ သံသယဖြစ်စရာ လက္ခဏာတွေ့ရလို့ သီးသန့်ခွဲခြားပြီး စောင့်ကြည့်နေရသလို မန်စီးတီးအသင်းနောက်ခံလူ မန်ဒီကလည်း မိသားစုဝင်တစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရလို့ တစ်ယောက်တည်း ခွဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက်ထွက်လာပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်တွေက ချက်ချင်းပဲ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီးတော့ ပွဲစဉ်တွေ ရွှေ့ဆိုင်းဖို့ မတ် ၁၃ ရက်မှာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီဆုံးဖြတ်ချက်အရ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ကစားမယ့် ပွဲစဉ် ၃၀ နဲ့ လာမယ့်တစ်ပတ် ကစားမယ့် ပွဲစဉ် ၃၁ အပြင် နိုင်ငံတကာ ရက်သတ္တပတ်ကိုပါ ရပ်နားလိုက်တာဖြစ်ပြီး ဧပြီ ၃ ရက်အထိ ဘယ်ပွဲမှ မကစားတော့ပါဘူး။ ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) နဲ့ EFL (အင်္ဂလိပ်ဘောလုံးလိဂ်) တို့ကလည်း သဘောတူခဲ့ကြပြီး FA ဖလား၊ လိဂ်ချန်ပီယံရှစ်၊ League One၊ League Two၊ အမျိုးသမီး စူပါလိဂ်နဲ့ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအားလုံးကို အစောဆုံး ဧပြီ ၄ ရက်မှ ပြန်ကျင်းပဖို့ ထုတ်ပြန်ခဲ့ကြပါတယ်။
ပြင်သစ် လီဂူး-၁ နဲ့ လီဂူး-၂ ပြိုင်ပွဲကို မတ် ၁၃ ရက်ကစပြီး ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ဆုံး ဖြတ်ခဲ့ကြသလို ဘွန်ဒစ်လီဂါနဲ့ ဘွန် ဒစ်လီဂါ-၂ ပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်း လိုက်ပါပြီ။ အစောပိုင်းမှာ ဘွန်ဒစ် လီဂါပွဲစဉ်တွေကို တနင်္လာနေ့အထိ ကစားပြီးမှ မတ် ၁၇ ရက်ကနေ ဧပြီ ၂ ရက်အထိ ရပ်နားဖို့ စီစဉ်ထားပေ မဲ့ ဝေဖန်မှုတွေဆက်တိုက်ထွက်ပေါ် လာလို့ ချက်ချင်းရပ်နားဖို့ ဆုံးဖြတ် ခဲ့ရတာပါ။ ဥရောပထိပ်သီးလိဂ်ငါးခု အပြင် ဂရိ၊ ဆွစ်ဇာလန်၊ ပိုလန်၊ အစ္စ ရေး၊ ပေါ်တူဂီလိဂ်တွေကို အကန့် အသတ်မရှိ၊ စကော့တလန်လိဂ်ကို ပွဲစဉ်နှစ်ပွဲ၊ နယ်သာလန်၊ ဘယ်လ် ဂျီယံ၊ မြောက်အိုင်ယာလန်၊ သြစတြီး ယား၊ ဆလိုဗက်ကီယား၊ ရိုမေးနီး ယားလိဂ်တွေကို ဧပြီလဆန်းအထိ ချက်လိဂ်ကို ရက် ၃၀ ၊ ယူကရိန်း၊ တူရကီ၊ ဆွီဒင်၊ ဒိန်းမတ်၊ အဇာဘိုင် ဂျန်၊ ဖင်လန်၊ ကာဇက်စတန်နဲ့ ဆား ဘီးယားလိဂ်တွေကိုတော့ ပရိသတ် မပါဘဲ ကွင်းပိတ်ကစားရတော့မှာ ပါ။ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ၊ ပြင်သစ်လိဂ်ဖလား ဗိုလ်လုပွဲ၊ ကိုပါ အီတာလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့နဲ့ ဗိုလ်လုပွဲတွေ ကိုလည်း သတ်မှတ်ရက်အတိုင်း မကစားနိုင်တော့ဘဲ ရွှေ့ဆိုင်းထား လိုက်ပါပြီ။
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲကိုလည်း ရှေ့ဆက်ဖို့မဖြစ်နိုင် တော့လို့ အခုတစ်ပတ်ကစားမယ့် ပွဲတွေအားလုံး ရပ်ဆိုင်းဖို့ ဆုံးဖြတ် လိုက်ပါပြီ။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်လေးပွဲ၊ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ ပွဲစဉ်နှစ်ပွဲနဲ့ ဒုတိယအကျော့ ပွဲစဉ်ရှစ်ပွဲစလုံး ရွှေ့ဆိုင်းရတာဖြစ် လို့ မတ် ၂၀ ရက်မှာပြုလုပ်မယ့် ကွာ တားဖိုင်နယ်အဆင့် မဲခွဲပွဲအခမ်း အနားလည်း မလုပ်ဖြစ်တော့ပါဘူး။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ခေါင်းခဲနေရပြီး မတ် ၁၇ ရက်မှာ အရေးပေါ်အစည်း အဝေးပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီအစည်းအဝေးမှာ ယူရို-၂၀၂၀ ပြိုင်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဇွန်- ဇူလိုင်မှာပဲ ဥရောပမြို့တွေမှာ ဆက်ပြီးကျင်းပမှာလား၊ သတင်းတွေထွက် နေတဲ့အတိုင်း ၂၀၂၁ ခုနှစ်အထိ တစ်နှစ်ရွှေ့ဆိုင်းမှာလား၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် လက်ကျန်အဆင့် တွေကို ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာတွေ အကျယ်တဝင့် ဆွေးနွေး ကြမှာပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံ တကာပွဲတွေကိုလည်း ရွှေ့ဆိုင်းနေရ ပြီး မတ်လအတွင်းကစားမယ့် ခြေ စမ်းပွဲတွေ၊ ၂၀၂၂ ကမ္ဘာ့ဖလား ဇုန် အလိုက် ခြေစစ်ပွဲအများစု ကျင်းပ နိုင်တော့မှာ မဟုတ်ပါဘူး။ ရွှေ့ဆိုင်း လိုက်ရတဲ့ ခြေစစ်ပွဲတွေမှာ မြန်မာ့ လက်ရွေးစင်အသင်းကစားရမယ့် အာရှဇုန် ဒုတိယအဆင့်ပွဲတွေလည်း ပါဝင်နေပါတယ်။ အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကိုရိုနာဗိုင်း ရပ်စ်အန္တရာယ် စိတ်ချရစေဖို့ မတ် လအပြင် ဇွန်လမှာကစားမယ့် ခြေစစ်ပွဲကိုပါ ရွှေ့ဆိုင်းခဲ့တာကြောင့် အဲဒီပွဲတွေကို အောက်တိုဘာနဲ့ နိုဝင်ဘာမှ ပြန်ကစားရတော့မှာပါ။
မရေမရာဖြစ်နေဆဲ တိုကျိုအိုလံပစ်
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် မရေရာတဲ့အခြေအနေမှာပဲ ရှိနေပါသေးတယ်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် အားကစားနည်းများစွာရဲ့ လက်ရည် စစ်ပွဲတွေ၊ ခြေစစ်ပွဲတွေ မပြီးပြတ် သေးဘဲ ရွှေ့ဆိုင်းနေရပြီး မေလ အထိ ဆက်ဖြစ်နေဦးမယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲ ဖျက်သိမ်းရနိုင်တယ်ဆို တဲ့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီမှတ်ချက်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အရှိန်မြှင့်တင်ပေးလိုက်ပြီး ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပဖို့ ဒါမှမဟုတ် တစ်နှစ်ရွှေ့ဆိုင်းဖို့ မတ် ၁၂ ရက်မှာ အိမ်ဖြူတော် သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ အိုလံပစ်ဝန်ကြီးဖြစ်တဲ့ စကိတ်ကစားသမားဟောင်း ဟာရှိမိုတိုက ထရန့်ရဲ့ ပြောကြားမှုတွေကို ပယ်ချလိုက်ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) နဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီအနေနဲ့ ဒီပြိုင်ပွဲကို ရွှေ့ဆိုင်း/ဖျက်သိမ်းဖို့ မဆုံးဖြတ်ရသေးဘူးလို့ ချက်ချင်းတုံ့ပြန် လိုက်ပါတယ်။ ဘယ်လိုပဲ ငြင်းဆန်မှုတွေရှိပါစေ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို မထိန်းချုပ်နိုင်သေးဘူး ဆိုရင်တော့ အိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ မလွယ်ပါဘူး။ အိုလံပစ်ပြိုင်ပွဲရဲ့ အစဉ်အလာတစ်ရပ်ဖြစ်တဲ့ မီးရှူးတိုင်ထွန်းညှိခြင်း အခမ်းအနားကို မတ် ၁၂ ရက်က ဂရိနိုင်ငံမှာ ပြုလုပ်ခဲ့ပေမဲ့ ပရိသတ်မပါဘဲ ခြောက်ကပ်ကပ် ကျင်းပခဲ့ရပြီး မီးရှူးတိုင် သယ်ယူမှုကိုလည်း အကျဉ်းချုံးပြီးတော့ ခုနစ်ရက်ပဲကျင်းပပြီး လွှဲပြောင်းပေးရမှာပါ။
အားကစားပြိုင်ပွဲပေါင်းများစွာ
ဘောလုံးပွဲတွေတင် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အားကစားပြိုင်ပွဲပေါင်း များစွာကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း/ဖျက်သိမ်းမှုတွေ ဆက်တိုက်လုပ်နေရပါတယ်။ အဲဒီပြိုင်ပွဲတွေထဲမှာ ပရိသတ်အားပေးမှု အများဆုံး တင်းနစ်၊ ဂေါ့ဖ်၊ NBA ဘတ်စကက်ဘောလိဂ် စတဲ့ပွဲစဉ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။
တင်းနစ် - ATP နဲ့ WTA ကစားသမားကောင်စီက ပရော်ဖက်ရှင်နယ် တင်းနစ်ပြိုင်ပွဲ အားလုံးကို ဧပြီ ၂၀ ရက်အထိ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အင်ဒီးယန်းဝဲလ် မာစတာပြိုင်ပွဲကို ရွှေ့ဆိုင်းထားပြီးဖြစ်လို့ မိုင်ယာမီအိုးပင်း အပါအဝင် ATP ပွဲစဉ် ခြောက်ပွဲနဲ့ WTA ပွဲစဉ်ငါးပွဲ ရွှေ့ဆိုင်းရမှာပါ။ ပုံစံအသစ်နဲ့ ပထမအကြိမ် ကျင်းပမယ့် Fed Cup Finals အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဧပြီလအတွင်း ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ရွှေ့ဆိုင်းလိုက်ရပါပြီ။ Davis Cup အမျိုးသား အသင်းလိုက်ပြိုင်ပွဲ World Group (I) အဆင့်မှာလည်း တရုတ်အသင်းအနေနဲ့ ရိုမေးနီးယားကိုသွားပြီး ယှဉ်ပြိုင်ခွင့်မရလို့ အရှုံးပေးခဲ့ရပါတယ်။
ဂေါ့ဖ် - အမေရိကန် PGA Tour ပွဲစဉ်ဖြစ်တဲ့ The Players Championship ပြိုင်ပွဲကို ပထမနေ့အပြီးမှာ ရပ်ဆိုင်းလိုက်ရသလို Valspar Championship၊ WGC-Dell Technologies Match Play၊ Corales Puntacana Resort and Club Championship ပြိုင်ပွဲ လေးပွဲကိုလည်း ဖျက်သိမ်းထားပါတယ်။ ဒါ့အပြင် ပထမဆုံး မေဂျာပြိုင်ပွဲဖြစ်တဲ့ မာစတာပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ PGA Tour က မတ် ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။ LPGA Tour အမျိုးသမီးပွဲစဉ်ကိုလည်း ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ကျင်းပမယ့် ထိုင်း၊ စင်ကာပူနဲ့ တရုတ်ပြိုင်ပွဲ သုံးပွဲဆက်တိုက် ဖျက်သိမ်းထားပါတယ်။ European Tour ပြိုင်ပွဲကိုတော့ ခြောက်ပွဲအထိ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ထားပါတယ်။
ပြေးခုန်ပစ် - တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ မတ် ၁၃ ရက်ကနေ ၁၅ ရက် အထိကျင်းပမယ့် ပြေးခုန်ပစ် ကမ္ဘာ့ချန်ပီယံရှစ် ရုံတွင်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှ ပြန်ကျင်းပဖို့ ရွှေ့ဆိုင်းထားရပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ပြုလုပ်မယ့် မာရသွန်ပြိုင်ပွဲတွေနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပမယ့် မာရသွန်ဝက်ပြိုင်ပွဲတွေကို ဖျက်သိမ်းထားရပြီး စပိန်နိုင်ငံ ဘာစီလိုနာမြို့နဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပမယ့် မာရသွန်ပြိုင်ပွဲတွေကိုလည်း အောက်တိုဘာအထိ ရွှေ့ဆိုင်းထားလိုက်ပါပြီ။
ကြက်တောင် - အိုလံပစ်ပြိုင်ပွဲ လက် ရည်စစ်ပွဲတွေဖြစ်တဲ့ ဂျာမန်အိုးပင်း (မတ် ၃-၈ ရက်)၊ ဗီယက်နမ်အိုးပင်း (မတ် ၂၄-၂၉ ရက်)၊ ပိုလန်အိုးပင်း (မတ် ၂၆-၂၉ ရက်) ပြိုင်ပွဲအားလုံးကို ကျန်းမာရေး အခြေအနေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ အိုလံပစ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ အနေနဲ့လည်း ဥရောပငါးနိုင်ငံမှာ ပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ ပေါ်တူဂီ၊ ချက်နဲ့ ပိုလန် ပြိုင်ပွဲတွေ ပျက်သွားလို့ မြန်မာနိုင်ငံကို ပြန်လာပြီးတော့ လေ့ကျင့်မှုတွေပဲ ဆက်လုပ်နေရပါတယ်။
လက်ဝှေ့ - တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျင်းပမယ့် အိုလံပစ်လက်ရည်စစ်ပွဲကို ဖျက်သိမ်းပြီး ဂျော်ဒန်နိုင်ငံမှာ ပြောင်းလဲကျင်းပဖို့ စီစဉ်ခဲ့ရသလို ဂျပန်လက်ဝှေ့ ကော်မရှင်ကလည်း မတ်လအတွင်း ကျင်းပမယ့် ပွဲအားလုံး ရွှေ့ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။
စက်ဘီး - အဘူဒါဘီမှာ ကျင်းပခဲ့တဲ့ UAE Tour ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း တစ်သင်းရဲ့ အီတလီဝန်ထမ်း နှစ်ဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ် Positive ရလဒ်တွေ့ရလို့ ပြီးဆုံးဖို့ နှစ်ရက်အလိုမှာပဲ ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ခဲ့ပေမဲ့ ဆေးစစ်မှု ၁၆၇ ခု ကူးစက်ခံရမှု မရှိဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ မေလမှာ ကျင်းပမယ့် Girod’Italia မေဂျာစက်ဘီးပြိုင်ပွဲကိုလည်း ဖျက်သိမ်းထားလိုက်ပါပြီ။
ဖော်မြူလာဝမ်း - ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဖော်မြူလာဝမ်းပြိုင်ပွဲကို အစောကတည်းက ရွှေ့ဆိုင်းထားပြီး ရာသီအဖွင့် သြစတြေးလျဂရင်းပရီ ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။ သြစတြေးလျ ဂရင်းပရီကို မတ် ၁၅ ရက်မှာ ပုံမှန်အတိုင်းကျင်းပဖို့ စီစဉ်ထားပေမဲ့ မက္ကလာရင်အသင်း ဝန်ထမ်းတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံရလို့ ဖျက်သိမ်းဖို့ မတ် ၁၂ ရက်မှ ဆုံးဖြတ်ခဲ့တာပါ။ နောက်တစ်ရက် အကြာမှာတော့ ဘာရိန်းနဲ့ ဗီယက်နမ်ဂရင်းပရီ ပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရပ်ဘီ - အီတလီက ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်လို့ Six Nations အမျိုးသမီးပြိုင်ပွဲ ဖြစ်တဲ့ အီတလီ-စကော့တလန်၊ အီတလီ-အိုင်ယာလန်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အီတလီရပ်ဘီ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၁ ရက်အထိ ကျင်းပမယ့် အမျိုးသားချန်ပီယံရှစ်နဲ့ လူငယ်ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ပြီး ဟောင်ကောင် Rugby Sevens ပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့လို့ ဂရိတ်ဗြိတိန်အသင်းရဲ့ အိုလံပစ်ပြိုင်ပွဲ ပြင်ဆင်မှုတွေကို ထိခိုက်စေခဲ့ပါတယ်။
MotoGP - မတ် ၈ ရက်မှာကျင်းပမယ့် ရာသီအဖွင့် ကာတာဂရင်းပရီပြိုင်ပွဲ ဖျက်သိမ်းခဲ့ရပြီး ထိုင်းဂရင်းပရီကို အောက်တိုဘာ၊ အမေရိက ဂရင်းပရီနဲ့ အာဂျင်တီးနား ဂရင်းပရီကို နိုဝင်ဘာအထိ ရွှေ့ဆိုင်းလိုက်ပါပြီ။ ရာသီအစ လေးပွဲဆက်တိုက် ရွှေ့ဆိုင်းခဲ့ရလို့ ၂၀၂၀ ရာသီ MotoGP ဆိုင်ကယ်စီးပြိုင်ပွဲကို မေလမှ အစောဆုံး ကျင်းပနိုင်တော့မှာပါ။
NBA၊ NHL၊ MLB - အမေရိကန် ပရိသတ်ရဲ့ သည်းခြေကြိုက် အားကစားပြိုင်ပွဲတွေဖြစ်တဲ့ NBA ဘတ် စကက်ဘောလိဂ်၊ NHL ရေခဲပြင်ဟော်ကီလိဂ်နဲ့ MLB မေဂျာလိဂ် ဘေ့စ်ဘောပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းထားရပါတယ်။ NBA ကလပ် အူတာဂျက်ဇ်အသင်းရဲ့ ပြင်သစ်ကစားသမား ရူဒီဂိုဘတ်ဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိရလို့ အူတာဂျက်ဇ်-အိုကလာဟိုးမားပွဲ အပါအဝင် မတ် ၁၂ ရက်ကစပြီး NBA ရာသီပွဲစဉ်အားလုံး အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့တာပါ။ NBA ပုံမှန်ရာသီပွဲစဉ်တွေပြီးဆုံးဖို့ ငါးပတ်ပဲ လိုတော့ချိန်မှာ ရပ်ဆိုင်းခဲ့ရတာဖြစ်လို့ Play-offs ပွဲတွေကိုပါ နောက်ဆုတ်ရတော့မှာပါ။ NHL ပြိုင်ပွဲအပြင် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲကို ရက် ၃၀ ရပ်ဆိုင်းထားပြီး MLB ပြိုင်ပွဲ ရာသီသစ် စတင်ချိန်ကိုလည်း အနည်းဆုံး နှစ်ပတ်ရွှေ့ဆိုင်းရမှာပါ။
ကွင်းပိတ်ကစားရမယ့် ပြည်တွင်းဘောလုံးလိဂ်
ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်တဲ့ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကိုလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လူစုလူဝေးဖြစ်စေတဲ့ အခမ်းအနား၊ ပွဲလမ်းသဘင်တွေကို ဧပြီ ၃၀ ရက် အထိမလုပ်ဖို့ ညွှန်ကြားချက်ထွက် လာပြီးနောက်မှာ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပထမ အကျော့ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ ပွဲစဉ် ၁၀ နဲ့ ၁၁ ကို ရန်ကုန်မြို့မှာပဲ ကွင်းပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီပွဲစဉ် နှစ်ခုစလုံးကို သုဝဏ္ဏကွင်းနဲ့ YUSC ကွင်းမှာပဲ ကျင်းပမှာဖြစ်ပြီး ပွဲကစားမယ့်ရက်နဲ့ ကွင်းတွေကို မဲနှိုက်ရွေးချယ် ခဲ့တာပါ။ ရန်ကုန်မှာ ကျင်းပတဲ့ လိဂ်ပွဲတွေက ပရိသတ်ကြည့်ရှုမှု နည်းပါးပေမဲ့ အိမ်ကွင်းဆိုရင် အားပေးမှုများတဲ့ နယ်မြို့ ကိုယ်စားပြု အသင်းတွေ အတွက်တော့ နစ်နာမှုလို့ ဆိုရမှာပါ။ ပြည်တွင်းဘောလုံးလိဂ်ပြိုင်ပွဲကို ကွင်းပိတ်ကစားမှာ ဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်ရလို့ နွေရာသီ အားကစားသင်တန်း အားလုံးကိုလည်း မတ် ၁၃ ရက်စပြီး ရပ်နားဖို့ ညွှန်ကြားချက် ထွက်လာပါပြီ။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တွေ ပူးပေါင်းပြီး နွေရာသီ အားကစားသင်တန်းအဖြစ် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ရေကူး၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဝူရှူး၊ ရိုးရာလက်ဝှေ့၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ သေနတ်ပစ်၊ ကျွမ်းဘား၊ မသန်စွမ်း၊ အလေးမ၊ ခြင်းလုံး၊ မြားပစ်၊ ဘိုးလင်း၊ အေရိုးဗစ်၊ ရွက်လှေ၊ Sambo၊ ဟော်ကီ၊ လှေလှော်၊ ခရစ်ကတ်၊ ဂျူဒို စတဲ့ အားကစားနည်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းတွေကို မတ် ၁၀ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ရပ်နားခဲ့ရတာပါ။
နွေရာသီ အားကစားသင်တန်းတွေ ရပ်နားရတာနဲ့ ပတ်သက်ပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ဝန်ကြီးဌာနကနေ မတ် ၁၂ ရက်မှာ ညွှန်ကြားချက် ထွက်လာပါတယ်။ မတ် ၁၃ ရက် နံနက်ပိုင်းကစပြီး ရပ်နားလိုက်ပါပြီ။ ရောဂါအခြေအနေအပေါ် မူတည်ပြီးမှ ပြန်ဖွင့်မှာပါ။ လောလောဆယ်တော့ ရပ်နားထားဖို့ပဲ ညွှန်ကြားတာ ဖြစ်ပါတယ်။ တချို့အားကစား အဖွဲ့ချုပ်တွေက သင်တန်းတွေ စတင်နေပြီ ဖြစ်တာကြောင့် ရပ်နားလိုက်ပြီ ဖြစ်သလို ဖွင့်လှစ်ဖို့ လုပ်ထားတဲ့ အားကစား အဖွဲ့ချုပ်တွေလည်း ရွှေ့ဆိုင်းထားပါတယ်။ အားကစား အဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ အားကစားနည်း ၂၈ မျိုးအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ ဖွင့်လှစ်နေတဲ့ အားကစား သင်တန်းတွေကိုပါ ရပ်နားထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကမ္ဘာ့အားကစားလောက ရပ်တန့်တော့မှာလား
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတစ်ဝန်းမှာ နေထိုင်ကြသူတွေရဲ့ အသက်အန္တရာယ်အပြင် စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်ကို ခြိမ်းခြောက်နေသလို ကမ္ဘာ့အားကစား လောကကြီး တစ်ခုလုံးကိုပါ စိုးရိမ်စရာ အခြေအနေဖြစ်အောင် တွန်းပို့နေပါပြီ။ ဗိုင်းရပ်စ်ကူးစက်မှုကို မထိန်းချုပ်နိုင်သေးရင် အားကစားပြိုင်ပွဲတွေ ပြန်ကျင်းပဖို့လည်း မဖြစ်နိုင်လို့ အားလုံး ရပ်တန့်သွားမယ့် အခြေအနေဆီ မရောက်စေဖို့ စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေရပါပြီ။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား